
လတ်တလော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသပဋိပက္ခတွေဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်ပေါ် ထိခိုက်မှုရှိပြီး စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားတွေ ချွေတာသုံးစွဲဖို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
မတ်လ ၁၀ ရက် အစိုးရဝန်ကြီးများအဖွဲ့အစည်းအဝေးမှာ စွမ်းအင်အရင်းမြစ်ပြဿနာကို အရေးပေါ် အဖြစ် ဆွေးနွေးခဲ့ပြီး စက်သုံးဆီချွေတာသုံးစွဲတဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းဆိုင်ရာ ဝန်ထမ်းတွေဟာ Work From Home နေအိမ်မှသာ အလုပ်လုပ်ကြဖို့ တိုက်တွန်းကြောင်း ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နန်းဆောဝ် ဝါလိတာ ဖွေ့ရိဝပ်ထနားက ထုတ် ပြန်ပြောဆိုပါတယ်။
ဒါပေမဲ့ ပြည်သူတွေနဲ့ တိုက်ရိုက်ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေတော့ မပါဝင်ကြောင်း၊ WFH လုပ်ဆောင်သူတွေလည်း ပြည်သူ့ဝန်ထမ်းလုပ်ငန်း မထိခိုက်စေရတဲ့အပြင် ဝန်ထမ်းတွေ နိုင်ငံရပ်ခြား လေ့လာရေးခရီးသွားတာနဲ့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်တာတွေ ဆိုင်းငံ့ထားပြီး ပြည်တွင်းမှာ သာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် လျှပ်စစ်စွမ်းအင် ခြိုးခြံချွေတာတဲ့အနေနဲ့ အဲယားကွန်းအပူချိန်ကို ၂၆ - ၂၇ ဒီဂရီ စင်တီဂရိတ် သာ ချိန်ညှိထားဖို့၊ အပူဒဏ်ခံဖို့ တရားဝင်အခမ်းအနားမှအပ ကုတ်အင်္ကျီ၊ နက္ကတိုင် ဝတ်ဆင်မှု ရှောင်ကြည်ပြီး လက်တိုအင်္ကျီကိုသာ ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
ရုံးပြင်ပမှာလည်း လျှပ်စစ်မီးကို ချွေတာသုံးစွဲဖို့၊ ကွန်ပြူတာ၊ မိတ္တူကူးစက်စတဲ့ ကိရိယာတွေ အသုံးမပြုက မီးပိတ်ထားဖို့၊ ဓာတ်လှေခါးမှာ အထပ်မမြင့်က လှေခါးကိုသာ အသုံးပြုဖို့၊ မော်တော်ယာဉ်တွေမှာ စက်သုံးဆီချွေတာတဲ့အနေနဲ့ အစဉ်အမြဲစစ်ဆေးပြီး သင့်တော်တဲ့ မိုင်နှုန်းနဲ့ သာ မောင်းနှင်ဖို့၊ ခရီးစဉ်တူက အတူတကွ မျှဝေစီးနင်းတာစသဖြင့် ပြည်သူတရပ်လုံး စွမ်းအင် ခြိုးခြံ ချွေတာရေးမှာ ဝိုင်းဝန်းပါဝင်ကူညီဖို့ တိုက်တွန်းထားပါတယ်။
စက်သုံးဆီအခြေအနေ ပိုမိုကျပ်တည်းလာပါက လမ်းပေါ်ရှိ ဆိုင်းဘုတ်အမျိုးမျိုးက လျှပ်စစ်မီးတွေ ည ၁၀ နာရီနောက်ပိုင်း ပိတ်ထားဖို့၊ ဓာတ်ဆီဆိုင်တွေလည်း ည ၁၀ နာရီထိသာ ရောင်းချဖို့ ညွှန်ကြားဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လောင်စာဆီသုံးစွဲမှုကို ၅ ရာခိုင်နှုန်းလျှော့ချနိုင်ရင် တလကို လီတာ ၃၃၀ ,၀၀၀ သက်သာမယ်၊ ဒါ့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလည်း ၅ ရာခိုင်နှုန်းလျှော့ချနိုင်ပါက တလကို လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၃၁ သန်း သက်သာစေနိုင်မယ်လို့ ဆိုပါတယ်။
ဒီစီမံဆောင်ရွက်ချက်ဟာ စွမ်းအင်ထိရောက်စွာသုံးစွဲမှု မြှင့်တင်ရေး၊ တိုင်းပြည်ရဲ့ကုန်ကျစရိတ် လျှော့ချရေး၊ လူ့အဖွဲ့အစည်းရဲ့ အခြားကဏ္ဍတွေအတွက် စွမ်းအင်ချွေတာဖို့ စံပြဖြစ်ပြီး နိုင်ငံတော်ရဲ့ ရေရှည်စွမ်းအင်လုံခြုံရေး အထောက်အကူပြုဖို့လည်း ရည်ရွယ်တယ်လို့ ဝန်ကြီးများရုံးက ထုတ်ပြန် ထားပါတယ်။
အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝိုရာကူးလ်က “တက္ကသိုလ်အများစုဟာ ကျောင်းပိတ်ရက် ဖြစ်နေတဲ့အတွက် အခုလို ညွှန်ကြားချက်က ကြီးကြီးမားမား သက်ရောက်မှု ရှိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
စာသင်နှစ်သစ် ပြန်စတဲ့အခါ အစိုးရရဲ့ မူဝါဒနဲ့အညီ သင့်တော်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်သွားမယ်လို့လည်း ဆူရာဆက်က ဆိုပါတယ်။
Source: Nation TV/Amarin TV


