Home
နိုင်ငံတကာ
ထိုင်းတွင် အခကြေးငွေယူပြီး ဆင်းမ်ကတ် မှတ်ပုံတင်ပေးပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်
DVB
·
March 9, 2026

ထိုင်းနိုင်ငံမှာ တခြားသူတွေအတွက် အခကြေးငွေယူကာ ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ပေးတာ (Mule SIMs) တွေ ပြုလုပ်ရင် ထောင်ဒဏ် ၃ နှစ်အထိနဲ့ ငွေဒဏ် ဘတ် ၃ သိန်းအထိ ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရ သတိပေးချက်ကို ကိုးကားပြီး The Nation Thailand သတင်းမှာ မတ် ၈ ရက်က ဖော်ပြပါတယ်။

ဒါဟာ ထိုင်းဖုန်းဆင်းမ်ကတ်တွေ အသုံးပြုကာ လိမ်လည်မှုတွေ ကျူးလွန်နေကြတဲ့ ကောလ်စင်တာ ငွေလိမ်ဂိုဏ်းတွေကို အဓိကထားပြီး ဆိုက်ဘာရာဇ၀တ်မှုတွေကို နှိမ်နင်းနိုင်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆင်းမ်ကတ်တွေကို ရာဇ၀တ်မှုတခုခုအတွက် အသုံးပြုခဲ့ကြောင်း သက်သေပြနိုင်ပါက “နည်းပညာဆိုင်ရာ ရာဇ၀တ်မှုများ တားဆီးနှိမ်နင်းရေး အရေးပေါ်အမိန့်” အရ ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်သလို Mule SIMs တွေ ဝယ်ယူတာ၊ ကြော်ငြာတာ၊ ရောင်းချဖို့ စီစဉ်ဆောင်ရွက်ပေးတာတွေ အတွက်လည်း ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံး လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အိုင်ရင် ဖန်န်ရစ်က “ဥပဒေမှာ ပြစ်ဒဏ်တွေကို ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါတယ်။ Mule SIM ပိုင်ရှင်ဟာ ထောင်ဒဏ် ၃ နှစ်အထိ၊ ငွေဒဏ် ဘတ် ၃ သိန်းအထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ တဖက်မှာလည်း ဆင်းမ်ကတ်တွေ၊ ဘဏ်အကောင့်တွေ၊ အီလက်ထရောနစ်ကတ်တွေ ဒါမှမဟုတ် အီလက်ထရောနစ် ငွေကြေးအကောင့်တွေကို ဝယ်ယူ၊ ရောင်းချ၊ ငှားရမ်း၊ ချေးငှားတာမျိုးတွေအတွက် လှုံ့ဆော်သူတွေကတော့ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်၊ ငွေဒဏ် ဘတ် ၂ သိန်းကနေ ၅ သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ပိုမိုပြင်းထန်စွာ ချမှတ်ခံရပါမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူက နိုင်ငံနဲ့ ပြည်သူလူထုအပေါ် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်စေတဲ့ ဆိုက်ဘာရာဇ၀တ်မှုတွေကို အစိုးရအနေနဲ့ စနစ်တကျ နှိမ်နင်းသွားမှာဖြစ်သလို အထူးသဖြင့် ထိုင်းနိုင်ငံသားအချင်းချင်း လိမ်လည်လှည့်ဖြားနေတဲ့ ကောလ်စင်တာဂိုဏ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေက အလွန်စိုးရိမ်ဖွယ် ကောင်းတယ်လို့လည်း ပြောလိုက်ပါတယ်။

ဒီအရေးယူမှုမှာ အခကြေးငွေယူကာ တခြားသူအတွက် ဘဏ်အကောင့်ဖွင့်ပေးတာ (Mule Account) မျိုးလည်း အကျုံးဝင်သလို ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ အနည်းငယ်သော ငွေကြေးရယူမှုအတွက် ဖုန်းဆင်းမ်ကတ်တွေ မှတ်ပုံတင်ပေးတာ၊ ဒါမှမဟုတ် ကိုယ်ရေးအချက်အလက်တွေကို လိမ်လည်သူတွေဆီ ပေးအပ်ခြင်းမပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၃ ခုနှစ် နည်းပညာဆိုင်ရာ ရာဇ၀တ်မှုများ တားဆီးနှိမ်နင်းရေး အရေးပေါ်အမိန့် (၂၀၂၅ ခုနှစ်၊ အမှတ် ၂ ပြင်ဆင်ချက်) အရ တခြားသူတယောက် နာမည်နဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ပေးတာ၊ ဒါမှမဟုတ် မိမိနာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်ကို တခြားသူကို အသုံးပြုခွင့်ပေးတာက အလွန်အန္တရာယ်ကြီးကြောင်းလည်း သူက ပြောပါတယ်။

ဒါ့အပြင် မိမိအမည်နာမကို ခွင့်ပြုချက်မရှိဘဲ ဆင်းကတ်မှတ်ပုံတင်ရာမှာ အသုံးပြုခံထားရကြောင်း တွေ့ရှိရင်၊ ဒါမှမဟုတ် အွန်လိုင်းကနေ လိမ်လည်နေသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိပါက ထိုင်းရဲတပ်ဖွဲ့ အွန်လိုင်း ဝက်ဘ်ဆိုက်ကတဆင့် ဖြစ်စေ၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစင်တာရဲ့ ဟော့တ်လိုင်းဖုန်းနံပါတ် ၁၄၄၁ ကိုဖြစ်စေ ၂၄ နာရီပတ်လုံး ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

Source: The Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013