Home
နိုင်ငံတကာ
ထိုင်းတွင် ကုန်ဈေးနှုန်းမြှင့်ခြင်း၊ သိုလှောင်ခြင်း ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရမည် 
DVB
·
March 5, 2026

လတ်တလော အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်နေတဲ့အပေါ် အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းတွေ မြှင့်ပြီးရောင်းချတာ၊ ကုန်စည်တွေ သိုလှောင်ထားတာတွေပြုလုပ်ရင် ထောင်ဒဏ် ၇ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ ထိ ကျခံရမယ်လို့ အစိုးရက မတ် ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကို အစိုးရအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိတယ်၊ ဖြစ်ပေါ်လာမဲ့ အခြေအနေတွေကို အသင့်ရင်ဆိုင်ဖို့ ဌာနဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ညွှန်ကြားထားပြီး ဖြစ်တယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် ဝယ်ယူနေရတဲ့ လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေဟာ လုံလောက်စွာရှိနေရမယ်၊ ဈေးဆိုင်တွေအနေနဲ့ ဒီအခြေအနေတွေပေါ် အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်း တိုးမြှင့်ရောင်းချခြင်း မပြုရ၊ မိမိကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း မှန်ကန်ထင်ရှားစွာ ဖော်ပြထားရမယ်လို့  ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ  နန်းဆောဝ်အန်ယလင်း ဖန်းလစ်က ပြောပါတယ်။ 

“လုပ်ငန်းရှင်တွေအနေနဲ့ ထိုင်းသက္ကရာဇ် ၂၅၄၂ က ထုတ်ပြန်ထားတဲ့ ကုန်ပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာဖို့  ထပ်လောင်းသတိပေးပါတယ်။  ကုန်ဈေးနှုန်းနဲ့ ဝန်ဆောင်မှုတွေ ဈေးမြှင့်တင်ခြင်း မပြုရ၊ စားသုံးသူတွေအပေါ် တရားမျှတမှုမရှိစေခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း မပြုရ၊  ဥပဒေချိုးဖောက်က ချက်ချင်းအရေးယူမှာ ဖြစ်တယ်။  ပြစ်ဒဏ်မှာလည်း ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁၄၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် နှစ်မျိုးလုံး ကျခံရမှာဖြစ်တယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနရဲ့ စစ်ဆေးချက်အရ  လူသုံးကုန်၊ စားသုံးကုန်တွေ လုံလောက်စွာရှိနေသေးတယ်။ ကုန်ဈေးနှုန်း တိုးမြှင့်စရာ အကြောင်းမရှိဘူး၊ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်မှု အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်၊ အခွင့်ကောင်းယူပြီး ပြည်သူတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို ထိရောက်စွာအရေးယူဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်လို့    နန်းဆောဝ်အန်ယလင်း ဖန်းလစ်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်းမြှင့်ထားတာ၊ ကုန်ဈေးနှုန်း ဖော်ပြထားခြင်း မရှိတာ၊ ကုန်စည်သိုလှောင်ထားတာတွေ တွေ့ရင် ဥပဒေအရ အရေးယူဖို့ ပြည်တွင်းကုန်သွယ်ရေးဌာန အရေးပေါ် ဖုန်းလိုင်း ၁၅၆၉ ဒါမှမဟုတ် ခရိုင်အသီးသီးမှာရှိတဲ့ ကုန်သွယ်စီးပွားရုံးတွေကို သွား‌ရောက်တိုင်ကြားနိုင်တယ်လို့လည်း ပြောသွားပါတယ်။

Source: PRD ထိုင်းအစိုးရ ပြန်ကြားရေးဌာန

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013