
အစ္စရေး-အီရန်စစ်ပွဲနဲ့ ဆက်နွှယ်ပြီး အရှေ့အလယ်ပိုင်း လေပိုင်နက်တွေ ပိတ်လိုက်ရပြီးနောက် ထိုင်းနိုင်ငံကနေ ဥရောပနိုင်ငံတွေဆီ ပြေးဆွဲနေတဲ့ လေယာဉ်လက်မှတ်ခတွေ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အကြောင်း ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ရဲ့ အဆိုကို ကိုးကားပြီး Khaosod English သတင်းမှာ မတ် ၄ ရက်က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ပြေးဆွဲနေတဲ့ အရှေ့အလယ်ပိုင်းလေကြောင်းလိုင်း ၈ ခုက ခရီးစဉ်တွေ ရပ်ဆိုင်းထားတာကြောင့် အဓိက နိုင်ငံတကာခရီးစဉ်တွေ၊ အထူးသဖြင့် ဥရောပခရီးစဉ်တွေမှာ လေယာဉ်ထိုင်ခုံပမာဏ သိသိသာသာ လျော့နည်းသွားခဲ့တာလို့ ဆိုပါတယ်။
ရလဒ်အနေနဲ့ကတော့ ဆက်လက်ပြေးဆွဲနေဆဲဖြစ်တဲ့ လေကြောင်းလိုင်းတွေရဲ့ လက်မှတ်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်ပြီး Thai Airways International လေကြောင်းလိုင်းနဲ့ ပျံသန်းပြေးဆွဲတဲ့ ဘန်ကောက်-လန်ဒန် ခရီးစဉ် တကြောင်းစာ ရိုးရိုးတန်း Economy လက်မှတ်ခ ပျမ်းမျှ ဘတ် ၃၀,၀၀၀ ဝန်းကျင်ကနေ ဘတ် ၇၀,၀၀၀ ကျော်အထိ မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် Singapore Airlines ရဲ့ လက်မှတ်ခတွေလည်း ဘတ် ၅၈,၀၀၀ ဝန်းကျင်အထိ တက်သွားပြီး လာမဲ့အပတ်အထိ ခရီးစဉ်အများစုမှာ လက်မှတ်တွေ ပြည့်ကုန်ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
CAAT ရဲ့အဆိုအရ အရင်က ထိုင်းနိုင်ငံကတဆင့် တနေ့ကို ခရီးသည် ၁၀,၀၀၀ ကျော် ပို့ဆောင်ပေးနေတဲ့ ပင်လယ်ကွေ့ဒေသ လေကြောင်းလိုင်းကြီးတွေ ခရီးစဉ် ရပ်နားလိုက်ချိန်မှာ ခရီးသွားလိုသူ များပြားနေတာကြောင့် ဈေးနှုန်းခုန်တက်သွားရတာလို့ ဆိုပါတယ်။
ရရှိနိုင်တဲ့ လေယာဉ်ခရီးစဉ် နည်းပါးသွားတာကြောင့် လက်မှတ်ခတွေ ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲသွားကာ သတ်မှတ်ထားတဲ့ အမြင့်ဆုံးဈေးနှုန်းအဆင့်တွေအထိ ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။
လေယာဉ်လက်မှတ်ခတွကို ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု၊ ရာသီအလိုက် လိုအပ်ချက်နဲ့ နှစ်နိုင်ငံ လေကြောင်းသဘောတူညီချက်တွေအရ သတ်မှတ်တာကြောင့် နိုင်ငံတကာ လေယာဉ်လက်မှတ်ခတွေကို အကန့်အသတ် လုပ်ပိုင်ခွင့်မရှိကြောင်းလည်း အဆိုပါအဖွဲ့က ပြောသလို CAAT ရဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ လေယာဉ်ဆင်းသက်ချိန် ခွဲဝေမှု၊ ခရီးသည်အခွင့်အရေးနဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေအပေါ်မှာသာ အဓိကထားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာပါက လေကြောင်း ပျံသန်းမှုစရိတ်တွေ ပိုမိုတိုးလာနိုင်ကြောင်းလည်းလည်း သတိပေးထားပါတယ်။
ခရီးစဉ်အနှောင့်အယှက်ဖြစ်မှုကြောင့် ထိခိုက်ရတဲ့ လေကြောင်းလိုင်းတွေဟာ ကုန်စည်ပို့ဆောင်ရေးအတွက် စက်သုံးဆီအပိုဆောင်းကြေး မြှင့်တင်ဖို့ ခွင့်ပြုချက်တောင်းခံနိုင်ပြီး ဒါက လက်မှတ်ခဈေးနှုန်းတွေထဲ ပါဝင်တာကြောင့် လက်မှတ်ခတွေ ပိုပြီးတော့ မြင့်တက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိတော့ ဘယ်လေကြောင်းလိုင်းကမှ အပိုဆောင်းကြေး ပြင်ဆင်ဖို့ တရားဝင် တောင်းခံထားခြင်း မရှိသေးဘူးလို့လည်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod English


