
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် အပါအဝင် ခရိုင် ၆၂ ခုမှာ ခုတပတ် မတ် ၃ ရက်ကနေ ၆ ရက်နေ့အထိ လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ မိုးသက်လေပြင်း ကျရောက်တာ၊ လေပြင်းတိုက်ခတ်တာ၊ တချို့နေရာတွေမှာ မိုးသီးကြွေတာမျိုးတွေနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းတာ၊ လျှပ်စီးလက်တာမျိုးတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ နှိုးဆော်ထားတာပါ။
ထိုင်းဗဟိုသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန ညွှန်ကြားရေးမှူးချုပ် သီရာဖတ် ကချာမတ်က တရုတ်နိုင်ငံက လေဖိအားကြီးရပ်ဝန်းတခုဟာ နိုင်ငံအရှေ့တောင်ဘက်နဲ့ တောင်တရုတ်ပင်လယ်ပြင်ဆီ ရွေ့လျားလာမယ်လို့ ခန့်မှန်းရပြီး အဲဒီအချိန်မှာ ထိုင်းနိုင်ငံ အထက်ပိုင်းမှာ ရာသီဥတု ပူပြင်းနေမှာဖြစ်ကာ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် အထက်ပိုင်းတို့မှာတော့ အနောက်လေစီးကြောင်း ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ခုလို ရာသီဥတုအခြေအနေတွေ ပေါင်းစုံမှုကြောင့် ပြင်းထန်မိုးသက်လေပြင်းတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ ခရိုင် ၆၂ ခုလုံးမှာ သက်ရောက်မှုရှိနိုင်ပြီး ဘန်ကောက်နဲ့အနီးတဝိုက် ခရိုင်တွေလည်း ပါဝင်ကြောင်း မစ္စတာ သီရာဖတ်က ဆိုပါတယ်။
ဒါကြောင့် ပြည်နယ်နဲ့ ဒေသန္တရ ဘေးအန္တရာယ်ဆိုင်ရာဌာနတွေကို အသင့်အနေအထားရှိနေကြဖို့ ညွှန်ကြားထားပြီး မိုးလေဝသအခြေအနေကို စောင့်ကြည့်ကာ အချိန်မီ သတိပေးချက်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း တရားဝင်ထုတ်ပြန်ချက်တွေ၊ ညွှန်ကြားချက်တွေကို စောင့်ကြည့်ကြဖို့၊ နေအိမ်တွေနဲ့ လွင့်စဉ်နိုင်တဲ့ ပစ္စည်းတွေကို လုံခြုံအောင် ပြုလုပ်ထားဖို့၊ မုန်တိုင်းတိုက်ခတ်နေချိန် ထိခိုက်ဒဏ်ရာရမှု လျှော့ချနိုင်ရေးအတွက် မြေကွက်လပ်တွေ၊ သစ်ပင်ကြီးတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ မခိုင်ခံ့တဲ့ အဆောက်အအုံတွေအနီး နေထိုင်ခြင်း မပြုကြဖို့လည်း အကြံပြုထားပါတယ်။
တောင်သူတွေအနေနဲ့ မိမိတို့ရဲ့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမှုကို ကာကွယ်နိုင်ဖို့အတွက် အထောက်အကူပြု အဆောက်အအုံတွေ၊ လေကာကွယ်တဲ့စနစ်တွေ အသုံးပြုဖို့လည်း တိုက်တွန်းထားပါတယ်။


