Home
နိုင်ငံတကာ
အီရန်စစ်ပွဲကြောင့် ထိုင်းခရီးသွား ၂၅ ရာခိုင်နှုန်းကျဆင်း
DVB
·
March 6, 2026
Photo: Reuters

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပြင်းပြင်းထန်ထန် သက်ရောက်မှု ရှိလာနိုင်တဲ့အကြောင်း Bangkok Posts သတင်းမှာ မတ် ၅ ရက်က ဖော်ပြပါတယ်။

တိုက်ပွဲတွေက အချိန် ၃ လထက်ကျော်ပြီး ကြာမြင့်သွားမယ်ဆိုရင် ခရီးသွားအရေအတွက်ဟာ ၂၀၂၆ ခုနှစ်အတွက် လျာထားချက်ထက် ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တဲ့ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။

ဒါကြောင့် အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ခရီးတိုသွားလာမဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဦးတည်ဆွဲဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ထိုင်းခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာန ခေတ္တဝန်ကြီး အတ်ထခွန် ဆီရိ လတ်သယာခွန်က အရှေ့အလယ်ပိုင်း လေကြောင်းပိုင်နက်တွေ ပိတ်ထားရတဲ့ ပဋိပက္ခဟာ ပြီးခဲ့တဲ့နှစ်ကမှ အားကောင်းကောင်းနဲ့ ပြန်လည်ဦးမော့လာတဲ့ ဥရောပစျေးကွက်အတွက် အထူးသက်ရောက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသတွင်း ပဋိပက္ခဟာ အရှေ့အလယ်ပိုင်း လေကြောင်း ဗဟိုချက်တွေကတဆင့် ချိတ်ဆက်ပျံသန်းရမဲ့ ခရီးစဉ်တွေကို သက်ရောက်မှုရှိနေပြီး ထိုင်းနိုင်ငံကို ခရီးဝေးလာရောက်မဲ့ ခရီးသွားတွေရဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လေကြောင်းလိုင်းတွေရဲ့ ကုန်ကျစရိတ် မြင့်တက်လာခြင်းဟာလည်း လေယာဉ်လက်မှတ်ခတွေ အပေါ် သက်ရောက်မှုရှိမှာဖြစ်ပြီး လောင်စာဆီစရိတ်ဟာ လေကြောင်းလိုင်းတခုရဲ့ လုပ်ငန်းလည်ပတ်မှုစရိတ်ရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) ရဲ့ ကနဦး ခန့်မှန်းချက်တွေအရ အဆိုးရွားဆုံး အခြေအနေမှာ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုဟာ ၂၀၂၆ ခုနှစ်အတွက် လျာထားတဲ့ ၃၆ ဒသမ ၇ သန်းကနေ ၂၅ ရာခိုင်နှုန်းနီးပါး လျော့ကျသွားနိုင်ပြီး ၂၇ သန်းကနေ ၂၉ သန်းကြားပဲ ရှိတော့မှာ ဖြစ်ပါတယ်။

တကယ်လို့သာ စစ်ပွဲဟာ အချိန် ၃ လအတွင်း ပြီးဆုံးသွားမယ်ဆိုရင်တော့ ခရီးသည်ဝင်ရောက်မှု ၁၈ ရာခိုင်နှုန်း လျော့ကျပြီး သန်း ၃၀ ကနေ ၃၁ သန်းကြား ရှိနိုင်တယ်လို့ အခြေခံအကျဆုံး အခြေအနေအဖြစ် တွက်ချက်ထားပါတယ်။

အကောင်းဆုံး အခြေအနေအဖြစ် တင်းမာမှုတွေဟာ သီတင်း ၂ ပတ်ကနေ ၄ ပတ်အတွင်း ပြေလည်သွားမယ် ဆိုရင်တော့ သက်ရောက်မှု ၂ ရာခိုင်နှုန်းလောက်ပဲ ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဝန်ကြီး အတ်ထခွန်ကတော့ ရလဒ်ကို ခန့်မှန်းဖို့ စောလွန်းသေးတယ်လို့ ဆိုထားပြီး TAT အနေနဲ့ အခုအခါမှာ ထိခိုက်မှုမရှိတဲ့ တခြားသော အနီးအနားနဲ့ ခရီးလတ် သွားလာမဲ့ စျေးကွက်တွေဆီ ပြင်းပြင်းထန်ထန် တိုးချဲ့ပြီး ကြော်ငြာလှုံ့ဆော်မှုတွေ လုပ်ဆောင်နေပါတယ်။

“ကျနော်တို့အနေနဲ့ လာမဲ့ ဧပြီလထဲက အီစတာအားလပ်ရက်နဲ့ ဆုန်ခရန် သင်္ကြန် အားလပ်ရက်တွေမှာ ခရီးသည်ဝင်ရောက်မှုကို အကောင်းဆုံး ထိန်းထားဖို့ ကြိုးစားရမှာဖြစ်သလို ဒီနှစ်မှာ အနည်းဆုံး ခရီးသည် ၃၀ သန်း ရရှိဖို့ မျှော်မှန်းထားပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကို နိုင်ငံတကာခရီးသည် ၃၃ သန်း ဝင်ရောက်ခဲ့ပြီး ဘတ်ငွေ ၁ ဒသမ ၅၃ ထရီလီယံ ဝင်ငွေရရှိခဲ့ပြီး အခုနှစ်အစောပိုင်းက TAT ရဲ့ ရည်မှန်းချက်ကတော့ ၂၀၂၆ ခုနှစ်မှာ နိုင်ငံတကာခရီးသည် ၃၆ ဒသမ ၇ သန်းနဲ့ ဝင်ငွေ ၂ ထရီလီယံ ရရှိဖို့ ဖြစ်ပါတယ်။

ခရီးဝေးသွားလာသူတွေဟာ ထိုင်းနိုင်ငံကို လာရောက်သူ အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းရှိပြီး ဝင်ငွေစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းအထိ အထောက်အကူပြုမယ်လို့ မျှော်မှန်းထားပါတယ်။

လတ်တလောမှာတော့ စစ်ပွဲရဲ့ သက်ရောက်မှုတွေကို ထပ်မံစစ်ဆေးပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကို နားထောင်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ TAT တို့ဟာ ဟိုတယ်၊ ခရီးသွားကုမ္ပဏီ၊ လေကြောင်းလိုင်း ကိုယ်စားလှယ်တွေနဲ့ အခုလာမဲ့ တနင်္လာနေ့မှာ တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013