
သမ္မတ ဒေါ်နယ် ထရမ့်ပ်ဟာ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်တခု စတင်ခဲ့တာ အခုဆိုရင် သီတင်းတပတ်လောက် ရှိပါပြီ။ (မူရင်းဆောင်းပါးပါအချိန် ၂ ရက်ခွဲ) ဒီအတောအတွင်းမှာပဲ အမေရိကန်အစိုးရဟာ အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ ပြောဆိုနေပါတယ်။ တချို့အကြောင်းပြချက်တွေဆိုရင် တခုနဲ့တခု ဆန့်ကျင်ဘက်တောင် ဖြစ်နေပါတယ်။
သူတို့ပြောတဲ့ အကြောင်းပြချက်တွေထဲမှာ အီရန်အစိုးရကို ဖြုတ်ချဖို့၊ ဖိနှိပ်ခံနေရတဲ့ အီရန်ပြည်သူတွေကို ကူညီဖို့ဆိုတာတွေ ပါပါတယ်။ ဒါ့အပြင် အီရန်က တခြားနိုင်ငံတွေကို ဩဇာလွှမ်းမိုးနေတာကို တားဆီးဖို့၊ အီရန်ကျောထောက်နောက်ခံပြု အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့နဲ့ အရင်က တိုက်ခိုက်ခဲ့တာတွေအတွက် လက်စားချေဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။
နောက်ထပ် အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ အမေရိကန်တပ်တွေကို အီရန်က တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တာလို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို လှမ်းပစ်နိုင်မဲ့ ဘယ်လစ်စတစ်ဒုံးကျည်တွေ အီရန်တည်ဆောက်နေတာကို တားဆီးဖို့လို့လည်း ပြောပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့လို့လည်း ဆိုပြန်ပါတယ်။ တကယ်တော့ အဲဒီ နျူကလီးယားအစီအစဉ်ကို “ဖျက်ဆီးပစ်လိုက်ပြီ” လို့ ပြီးခဲ့တဲ့အပတ်ကမှ ထရမ့်ပ် ကိုယ်တိုင် ပြောထားခဲ့တာပါ။ ဒီအကြောင်းပြချက် အများစုဟာ မှားယွင်းတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာ ဖြစ်ပြီး တချို့အကြောင်းပြချက်တွေကိုတော့ အခုဆိုရင် သူတို့ကိုယ်တိုင် ပြန်ရုပ်သိမ်းသွားပုံ ရပါတယ်။
ဒီအခြေအနေတွေအားလုံးက ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အမေရိကန်ရဲ့ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မေးခွန်းတခုကို ထွက်ပေါ်လာစေပါတယ်။ အဲဒါကတော့ “ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဒီစစ်ပွဲကို ဘာကြောင့်တိုက်ရသလဲ၊ အောင်ပွဲဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာကို သေချာမရှင်းပြနိုင်ဘဲနဲ့ အမေရိကန်တို့ အနိုင်ရနိုင်ပါ့မလား” ဆိုတာပါပဲ။
ဒီလို ရှုပ်ထွေးမှုတွေ ဖြစ်ရတာရဲ့ အဓိကတရားခံကတော့ ထရမ့်ပ် ကိုယ်တိုင်ပါပဲ။ စနေနေ့ မနက်အစောပိုင်း တိုက်ခိုက်မှုတွေ စတင်ပြီး မကြာခင်မှာပဲ ထရမ့်ပ်က ၈ မိနစ်စာ ဗီဒီယိုတခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ သူက “ချက်ချင်းကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ” ဆိုပြီး ရေရေရာရာမရှိဘဲ သတိပေးခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် အီရန်က ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်ခဲ့တယ်ဆိုပြီး အရင်ကိစ္စဟောင်းတွေကို ပြန်ပြောခဲ့ပါတယ်။
အီရန်အစိုးရကို ဖြုတ်ချဖို့ သူ့ရဲ့တောင်းဆိုချက်ကတော့ ရှင်းလင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြုတ်ချဖို့ အမေရိကန်က ဘယ်လောက်အထိ ကူညီမလဲ ဆိုတာကတော့ ဝေဝါးနေဆဲပါ။ သူက အီရန်ပြည်သူတွေကို “မင်းတို့ လွတ်မြောက်မဲ့အချိန် ရောက်လာပြီ”၊ “အခုဆိုရင် မင်းတို့လိုချင်တာကို ပေးမဲ့ သမ္မတတယောက် ရှိနေပြီ” လို့ ပြောခဲ့ပါတယ်။ ပြီးတော့ “ဒီ အရမ်းဆိုးသွမ်းတဲ့၊ အစွန်းရောက်တဲ့ အာဏာရှင်အစိုးရ” ကို ဖြုတ်ချရာမှာ ကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ စနေ၊ တနင်္ဂနွေမှာ သတင်းဌာနတွေနဲ့ ဖုန်းကနေ အင်တာဗျူးလုပ်တဲ့အခါမှာတော့ ထရမ့်ပ်က အောင်ပွဲနဲ့ပတ်သက်ပြီး နောက်တမျိုး ပြောင်းပြောပြန်ပါတယ်။ New York Times သတင်းစာကို သူပြောတာကတော့ “အကောင်းဆုံး ဇာတ်လမ်း” ဆိုတာ ဗင်နီဇွဲလားမှာ သူဝင်စွက်ဖက်ခဲ့သလိုမျိုး ဖြစ်လာဖို့ပါတဲ့။ ဗင်နီဇွဲလားမှာတုန်းက နီကိုလတ်စ် မာဒူရိုကို အာဏာကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်က အစဉ်တစိုက် ထောက်ခံလာတဲ့ ဒီမိုကရေစီ အတိုက်အခံတွေကို ပစ်ပယ်ပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ မာဒူရိုရဲ့ ဒုတိယသမ္မတကိုပဲ ထောက်ခံခဲ့တာပါ။ အီရန်ပြည်သူတွေအနေနဲ့ သူတို့ခေါင်းဆောင်ကို သူတို့ဘာသာ ရွေးချယ်ဖို့ ဆိုတာကိုတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကျမတို့သမ္မတက လက်မခံတဲ့ပုံပါပဲ။ နောက်ထပ် နိုင်ငံကို ဘယ်သူအုပ်ချုပ်မလဲဆိုတာ သူတယောက်တည်းကပဲ ရွေးချယ်သွားမယ်လို့ ကြေညာလိုက်သလို ဖြစ်နေပါတယ်။
တနင်္လာနေ့ မနက်မှာတော့ တိုက်ခိုက်မှုတွေ စတင်ပြီးနောက်ပိုင်း ကာကွယ်ရေးဌာန (ပင်တဂွန်) ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်က ဘာကိုရည်ရွယ်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာနေတာကို ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က ဖြေရှင်းခဲ့ပါတယ်။ အက်ပစ် ဖျူရီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အီရန်ရေတပ်၊ ဒုံးကျည်တွေနဲ့ နျူကလီးယား ရည်မှန်းချက်တွေကို “ဖျက်ဆီးပစ်ဖို့” ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ဒါဟာ အစိုးရကို ဖြုတ်ချတဲ့ စစ်ပွဲမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရကတော့ ပြောင်းလဲသွားခဲ့ပါပြီ” လို့ သူက အခိုင်အမာ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထရမ့်ပ်အစိုးရအဖွဲ့ဆီက ကြားရသမျှ စကားတွေလိုပဲ ဒါကလည်း ရှုပ်ထွေးပြီး လမ်းလွဲစေပါတယ်။ ပထမလှိုင်း တိုက်ခိုက်မှုတွေ အတွင်းမှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီသေဆုံးသွားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဖိနှိပ်တဲ့ အီရန်အစိုးရ ယန္တရားကြီးကတော့ လောလောဆယ် အသက်ရှင် ရပ်တည်နေဆဲပါ။
နာရီအနည်းငယ်အကြာမှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုကလည်း ဝင်ပြောပြန်ပါတယ်။ စစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်က “သူတို့ရဲ့ ဘယ်လစ်စတစ်ဒုံးကျည် စွမ်းရည်တွေကို ဖျက်ဆီးပစ်ဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရပြောင်းလဲရေး ဆိုတာကတော့ “ရည်ရွယ်ချက်” မဟုတ်တော့ဘဲ “မျှော်လင့်ချက်” တခုသာ ဖြစ်တယ်လို့ လျှော့ချ ပြောဆိုသွားပါတယ်။
တနင်္လာနေ့က အိမ်ဖြူတော်မှာ သမ္မတ ထရမ့်ပ် လူလုံးထွက်ပြပါတယ်။ ဒါဟာ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပထမဆုံး လူမြင်ကွင်းမှာ စကားပြောတာပါ။ ဒါပေမဲ့ အစိုးရပြောင်းလဲရေးအကြောင်း သူ တခွန်းမှ မဟခဲ့ပါဘူး။ မကြာသေးခင်ကမှ အစိုးရကို ပုန်ကန်ဖို့ သူကိုယ်တိုင် တိုက်တွန်းခဲ့တဲ့ ရဲရင့်တဲ့ ဆန္ဒပြသူတွေ အကြောင်းကိုလည်း ထည့်မပြောခဲ့ပါဘူး။
စစ်ပွဲကြောင့် အမေရိကန်ပြည်သူတွေ ရင်ဆိုင်ရမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း သူ မဆွေးနွေးခဲ့ပါဘူး။ ဥပမာ - ရေနံဈေးတွေ တက်လာတာမျိုး၊ အမေရိကန်ပြည်တွင်းမှာ အကြမ်းဖက် လက်စားချေ တိုက်ခိုက်ခံရနိုင်တာမျိုးတွေကိုပေါ့။ စစ်ပွဲမှာ အမေရိကန်နဲ့ မဟာမိတ်ပြုထားတဲ့ အစ္စရေးအကြောင်းကိုလည်း မပြောပါဘူး။ စစ်မီး အလျင်အမြန် ကူးစက်နေတာကိုလည်း ထည့်မပြောပါဘူး။ အခုဆိုရင် အီရန်က ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ အီရတ်၊ အစ္စရေး၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး နိုင်ငံတွေကို လက်တုံ့ပြန် တိုက်ခိုက်နေပါပြီ။ ဒါဟာ ဆယ်စုနှစ်တွေအတွင်း အရှေ့အလယ်ပိုင်းမှာ အကျယ်ပြန့်ဆုံး စစ်ပွဲကြီး ဖြစ်လာနေတာပါ။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ ကြုံးဝါးစကား နည်းနည်းလေးကို နားထောင်ကြည့်ရင် ဒါတွေကို သိရမှာ မဟုတ်ပါဘူး။ အီရန်ဟာ ဒေသတွင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် “သည်းခံနိုင်စရာမရှိတဲ့ အန္တရာယ်” ဖြစ်တယ်လို့ အထောက်အထား မခိုင်လုံဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီစစ်ပွဲကို ဘာလို့စခဲ့တာလဲ၊ ပြည်သူတွေရဲ့ ထောက်ခံမှုရအောင် ဘာလို့ ပိုမကြိုးစားခဲ့တာလဲ ဆိုတာကိုလည်း သူ မရှင်းပြပါဘူး။ တိုက်ခိုက်မှုတွေ စတင်ပြီးနောက်ပိုင်း စစ်တမ်းတွေအရ ပြည်သူတွေက ထရမ့်ပ်ရဲ့လုပ်ရပ်ကို ထောက်ခံမှု မရှိကြပါဘူး။
အံ့သြစရာ အကောင်းဆုံးကတော့ သူ့ကိုထောက်ခံသူတွေကို “စစ်ပွဲအသစ်တွေ ထပ်မလုပ်တော့ဘူး” လို့ နှစ်ပေါင်းများစွာ ကတိပေးခဲ့တဲ့ နိုင်ငံရေးသမားတယောက်ဟာ အခုတော့ စစ်ကိုလိုလားသူကြီး ဖြစ်သွားတာပါပဲ။ အရှေ့အလယ်ပိုင်းက အဆုံးမရှိတဲ့ စစ်နွံထဲ အမေရိကန် ဝင်ပါနေတာတွေကို အဆုံးသတ်မယ်လို့ ပြောခဲ့ဖူးပေမဲ့ အခုလို ပြောင်းပြန်ကြီး ဖြစ်သွားတာကိုတော့ သူ ရှင်းပြဖို့တောင် မကြိုးစားပါဘူး။
ဒါပေမဲ့ အီရန်ကို အနိုင်ယူဖို့အတွက် ဘယ်လောက်ပဲကြာကြာ အာရုံစိုက် လုပ်ဆောင်သွားမယ် လို့တော့ သူက ကတိပေးပါတယ်။ စစ်ပွဲက သူမျှော်မှန်းထားတဲ့ ၄-၅ ပတ်ထက် “အများကြီး ပိုကြာ” ရင်တောင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ “ငါက ဘယ်တော့မှ မပျင်းဘူး။ ဒီကိစ္စမှာ ပျင်းစရာ ဘာမှမရှိဘူး” လို့ သူက အခိုင်အမာ ပြောပါတယ်။ ဒါပေမဲ့ ၄၆ စက္ကန့်လောက် အကြာမှာတော့ သူတည်ဆောက်နေတဲ့ အိမ်ဖြူတော်က “အရမ်း၊ အရမ်းလှတဲ့” ကပွဲခန်းမသစ် အကြောင်းကို စကားလမ်းကြောင်း ပြောင်းသွားပါတယ်။ အဲဒီခန်းမကြီးက “ကမ္ဘာပေါ်မှာ အလှဆုံး ကပွဲခန်းမ” ဖြစ်လာမယ်လို့ သူက ထင်နေပါတယ်။
အမေရိကန်သမ္မတတယောက်ဆီကနေ နိုင်ငံရေးအရ ဒီလောက်တောင် အခြေအနေမသိတဲ့ စကားမျိုး ကျမ တခါမှ မကြားဖူးပါဘူး။ တကယ်တော့ ထရမ့်ပ် မတိုင်ခင်က အိမ်ဖြူတော်မိန့်ခွန်းတွေမှာ စစ်နဲ့ငြိမ်းချမ်းရေးလို ကြီးလေးတဲ့ကိစ္စတွေကို ပြောနေရင်းကနေ စစ်သေနာပတိချုပ်ရဲ့ အတွင်းပိုင်း အလှဆင်တဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ရုတ်တရက် ပြောင်းပြောတာမျိုး တခါမှ မရှိခဲ့ဖူးဘူးလို့ ကျမ ရဲရဲကြီး ပြောရဲပါတယ်။ အခုအချိန်အထိ ဒီစစ်ပွဲမှာ အမေရိကန်စစ်မှုထမ်း ၆ ဦး သေဆုံးခဲ့ပြီးပါပြီ။ နောက်ထပ်လည်း ထပ်ရှိလာနိုင်ခြေ ရှိတယ်လို့ ထရမ့်ပ်ကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါပေမဲ့ သူ တကယ်ဂရုစိုက်နေပုံရတာကတော့ အိမ်ဖြူတော်က လိုက်ကာအရောင်တွေပါပဲ။
ဒီလို အရူးလုပ်ရပ်တွေ နောက်ကွယ်မှာတော့ ပရိယာယ်တခု ရှိနေပါတယ်။ Washington Institute for Near East Policy ရဲ့ ဒါရိုက်တာ ရောဘတ် ဆက်တ်လော့ဖ်က တနင်္လာနေ့မှာ ကျမကို သုံးသပ်ပြပါတယ်။ ထရမ့်ပ်ဟာ “အစိုးရကို အမြစ်ပြတ် ဖြုတ်ချတာကစလို့၊ နျူကလီးယား အစီအစဉ်ကို ဖျက်ဆီးပစ်တာအထိ” ရည်ရွယ်ချက် အမျိုးမျိုးကို တရုတ်ဟင်းလျာ မီနူးကတ်လို ချပြထားတာပါ။ ဒါကြောင့် ဘာပဲဖြစ်လာဖြစ်လာ သူ အောင်ပွဲခံလို့ရအောင် လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။ အဆုံးသတ်ကျရင်တော့ “ထရမ့်ပ်က ဒါဟာ ငါတို့ရဲ့ ရည်ရွယ်ချက်ပဲလို့ ပြောတဲ့အရာက အောင်ပွဲဖြစ်သွားမှာပါပဲ”။
ထရမ့်ပ် ဘာလို့ ဒီလိုလုပ်ရသလဲဆိုတဲ့ မေးခွန်းက သူ ဘာကိုရချင်နေတာလဲဆိုတဲ့ မေးခွန်းလောက်ပဲ ဖြေရခက်ပါတယ်။ သူ့ရဲ့ ပထမသက်တမ်းတုန်းက အီရန်ကို အကြီးအကျယ် တိုက်ခိုက်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမဲ့ နောက်ဆုတ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ သတိထားဖို့ အကြံပေးတဲ့ ပထမသက်တမ်း ကာကွယ်ရေးဝန်ကြီး ဂျင်မ် မက်တစ်စ်လို စစ်ရေးအကြံပေးတွေဘက်က ရပ်တည်ခဲ့ပါတယ်။ အီရန်ကို တိုက်ခိုက်ဖို့ အမြဲဆော်သြနေတဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့လို စစ်လိုလားသူတွေစကားကို နားမယောင်ခဲ့ပါဘူး။ “အဲဒီတုန်းက သူ့ရဲ့ အန္တရာယ်ခံနိုင်စွမ်းက ပိုနည်းတယ်။ ပြဿနာတွေထဲ ဝင်သွားဖို့ထက် ပြဿနာတွေထဲကနေ ထွက်လာဖို့ကိုပဲ သူက ပိုစဉ်းစားခဲ့တယ်” လို့ သူ့ရဲ့ ပထမသက်တမ်းက အမျိုးသားလုံခြုံရေး အရာရှိကြီးတဦးက ပြန်ပြောပြပါတယ်။
အခု ဒုတိယသက်တမ်းမှာ ကွာခြားသွားတာကတော့ ဝန်ထမ်းတွေကြောင့်လည်း ပါပါတယ်။ ဒုတိယသက်တမ်းမှာ ထရမ့်ပ်ကို ဝန်းရံထားသူတွေဟာ သူဘာလိုချင်လိုချင် “အိုကေ” လို့ပဲ ပြောမဲ့ ဖားတတ်တဲ့သူတွေချည်းပါပဲ။ နောက်ထပ် အရေးကြီးတဲ့ ကွာခြားချက်တခုကတော့ အရှေ့အလယ်ပိုင်း မြေပြင်အခြေအနေ ပြောင်းလဲသွားတာပါ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်အဖွဲ့က အစ္စရေးကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ အများကြီး ပြောင်းသွားပါတယ်။
အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမတ်စ်ကို စစ်ကြေညာရုံတင်မကဘဲ ဒေသတွင်းမှာရှိတဲ့ အီရန်ရဲ့ စွမ်းဆောင်ရည် အများစုကိုပါ ထိထိရောက်ရောက် ဖျက်ဆီးပစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကဆိုရင် ထရမ့်ပ်နဲ့ ပူးပေါင်းပြီး အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ သက်ဆိုင်တဲ့ အဓိက အဆောက်အအုံတွေကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ထရမ့်ပ်ကတော့ အီရန်က ချက်ချင်း တိုက်ခိုက်လာနိုင်တယ်လို့ အော်ပြောနေပေမဲ့ တကယ်တမ်း သူ အခုလို စစ်စတင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကျိုးကြောင်းဆီလျော်ဆုံး အချက်ကတော့ အီရန်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူလိုက်တာပါပဲ။
သမိုင်းမှာ နာမည်ကျန်ခဲ့ဖို့ အစွဲအလမ်းကြီးတဲ့ ခေါင်းဆောင်တယောက် အနေနဲ့ ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်သမ္မတတွေကို ဒုက္ခပေးလာတဲ့ အစိုးရတရပ်ကို ဖြုတ်ချနိုင်မဲ့ အခွင့်အရေးဆိုတာ လက်လွှတ်ရက်စရာ မရှိပါဘူး။ အထူးသဖြင့် ကမ္ဘာတဝန်းမှာ အန္တရာယ်နည်းနည်းနဲ့ အမြတ်ကြီးကြီးရတဲ့ အမေရိကန်စစ်တပ် အင်အားပြမှုတွေကနေ ရလာတဲ့ အောင်ပွဲအရသာကို ထရမ့်ပ်က စွဲလမ်းနေလို့ပါပဲ။ အမေရိကန်ရဲ့ အကြွားအဝါအသန်ဆုံး သမ္မတဟာ ကြီးမားခမ်းနားတဲ့ စစ်ရေးအင်အားပြမှုတွေကို အမြဲတမ်း သဘောကျလေ့ရှိပါတယ်။ အာဏာပြန်ရတဲ့ ပထမနှစ်မှာတင် သူဟာ နိုင်ငံပေါင်း ၇ နိုင်ငံကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်သမ္မတတွေထဲမှာ အများဆုံးပါပဲ။
ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်ဟာ ကာကွယ်ရေးဌာန (Department of Defense) ကို စစ်ရေးဌာန (Department of War) ဆိုပြီး နာမည်ပြောင်းဖို့ အတင်းအကျပ် လုပ်ခဲ့ပါတယ်။ သူ့မှာ အဲဒီလိုလုပ်ဖို့ ဥပဒေအာဏာ မရှိပေမဲ့လည်း လုပ်ခဲ့တာပါ။ စစ်တိုက်ဖို့ ရှောင်လွှဲခဲ့ဖူးပြီး သူ့ကိုယ်သူ “ငြိမ်းချမ်းရေး သမ္မတ” (President of PEACE) လို့ အမည်တပ်ချင်နေတဲ့ သူတယောက်အတွက်တော့ ဒါဟာ ရှေ့နောက်မညီတဲ့ လုပ်ရပ်တခုလို့ ထင်စရာရှိပါတယ်။
ဒါပေမဲ့ ကျမအမြင်ကတော့ ဒီပဋိပက္ခဟာ မလွှဲမရှောင်သာ ဖြစ်လာရမဲ့ကိစ္စလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ “စစ်ရေးဌာန” တခု ဖွဲ့စည်းလိုက်ပြီဆိုရင် အနှေးနဲ့အမြန် တကယ့်စစ်ပွဲတခုကို သူ ဖန်တီးရတော့မှာမို့လို့ပါပဲ။
ဆူဆန် ဘီ ဂလက်စ်ဆာ


