
အီရန်စစ်ပွဲ ဆဋ္ဌမမြောက်နေ့ကို ရောက်ရှိလာတဲ့ မတ် ၅ ရက်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တဲလ်အဗစ်နဲ့ ဂျေရုဆလင်မြို့တွေမှာ လေကြောင်းအန္တရာယ် သတိပေးဥဩသံတွေနဲ့ ကြားဖြတ် ဟန့်တားမှုပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။
အစ္စရေးက လက်ဘနွန်နဲ့ အီရန်တို့ကို တိုက်ခိုက်ခဲ့ပြီး ကွမ်မြို့က ဒုံးကျည်ပစ်စင်နဲ့ အစ်စဖာဟန်မြို့က လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်က အီရန်ကို ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ပွဲက အစပိုင်းပဲ ရှိသေး တယ်လို့ သတိပေးထားပါတယ်။
အီရန်နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အီရတ်မြောက်ပိုင်း အခြေစိုက် ကာ့ဒ် လက်နက်ကိုင်တွေကို လေကြောင်းကနေ ကူညီဖို့ အမေရိကန်က စီစဉ်နေပါတယ်။
စစ်မျက်နှာသစ်ဖွင့်ဖို့အတွက် အမေရိကန်နဲ့ အစ္စရေးတို့က အီရန်-အီရတ် နယ်စပ်မြောက်ပိုင်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အီရန်တပ်ဖွဲ့တွေက အီရတ်မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်ခွဲထွက်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စစ်ဆင်ရေး လုပ်ပိုင်ခွင့်ကို ကန့်သတ်မဲ့ ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။
အောက်လွှတ်တော်ကလည်း အလာတူး မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာရေပိုင်နက်မှာ အီရန်စစ်သင်္ဘောတစင်းကို အမေရိကန် ရေငုပ် သင်္ဘောက ပစ်ခတ်နှစ်မြှုပ်ခဲ့ပါတယ်။
"ပင်လယ်ပြင်က ရာဇဝတ်မှု" လို့ အီရန်က စွပ်စွဲထားပြီး လူ ၈၀ ကျော် သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ရဲ့ အဆိုအရ စစ်ပွဲစတင်ချိန်ကစလို့ အီရန်ဘက်မှာ လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။
Source:Reuters


