
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံကို စစ်ရေးအရ အကြီးအကျယ် တိုက်ခိုက်လိုက်တာ ဒီကနေ့ဆိုရင် စစ်ပွဲဟာ သီတင်းတပတ်နီးပါးရှိလာခဲ့ပါပြီ။ တိုက်ပွဲစတဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ ၄၈ နာရီအတွင်းမှာတင် အမေရိကန်က အီရန်ရဲ့ ပစ်မှတ်ပေါင်း ၁,၂၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီလည်း ကျဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ တဖက်မှာလည်း အမေရိကန်စစ်မှုထမ်း ၆ ယောက် သေဆုံးကာ ၁၈ ယောက် ပြင်းထန်ဒဏ်ရာရခဲ့သလို စစ်မီးလျှံဟာ အရှေ့အလယ်ပိုင်းတခွင်ကို လျင်လျင်မြန်မြန် ကူးစက်သွားခဲ့ပြီမို့ ဒါဟာ ကမ္ဘာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ အချိုးအကွေ့တခု ဖြစ်လာပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ သံတမန်ရေးရာ ကျရှုံးမှုကနေ စတင်ခဲ့တာပါ။ တချိန်တည်းမှာပဲ အမေရိကန် ပြည်တွင်းနိုင်ငံရေးမှာ ဂယက်ရိုက်သွားသလို ကမ္ဘာ့ရေနံဈေးကွက်နဲ့ နည်းပညာ အခြေခံအဆောက်အအုံတွေကိုပါ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာပါတယ်။ ဒါကြောင့် ဒီစစ်ပွဲကြီးရဲ့ အစ၊ အလယ်၊ အဆုံးကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ပထဝီဗျူဟာ ရှုထောင့်စုံကနေ ခြုံငုံသုံးသပ်ကြည့်ဖို့ လိုအပ်လာပါပြီ။
သံတမန်ရေးမှ စစ်ပွဲဆီသို့
အမေရိကန်ဟာ အီရန်ကို စစ်ရေးအရ ဖိအားပေးဖို့ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ အများကြီး စေလွှတ်ခဲ့ပါတယ်။ F-35 နဲ့ F-22 တိုက်လေယာဉ်တွေကိုလည်း မဟာမိတ်စစ်စခန်းတွေမှာ ဖြန့်ကြက်ထားပါတယ်။ ဒါဟာ ၂၀၀၃ ခုနှစ်က ဆက်ဒမ် ဟူစိန်ကို ဖြုတ်ချခဲ့တဲ့ အီရတ်စစ်ပွဲနောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုကြီး ဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ အဓိကရည်ရွယ်ချက်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ အဝေးပစ်ဒုံးကျည် ထုတ်လုပ်မှုတွေကို ရပ်တန့်ခိုင်းဖို့ပါ။ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းချင်တယ်လို့ အစက ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အမေရိကန်ကိုယ်စားလှယ် ဂျရတ် ကူရှ်နာနဲ့ စတိဗ် ဝစ်တ်ကော့ဖ်တို့ဟာ အီရန်ကိုယ်စားလှယ်တွေနဲ့ ၁၆ နာရီကြာ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ခေါင်းဆောင် ခါမေနီရဲ့ သဘောထားတွေဟာ သူတို့နဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မရနိုင်တော့ဘူးလို့ အမေရိကန်ဘက်က ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ အီရန်အမျိုးသားလုံခြုံရေးအရာရှိ အလီ လာရီဂျာနီက “အမေရိကန်နဲ့ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး”လို့ တရားဝင် ကြေညာလိုက်တဲ့အတွက် သံတမန်ရေးတံခါး လုံးဝပိတ်သွားခဲ့ပါပြီ။
ဒီအချိန်မှာ ထရမ့်ပ်က တက္ကဆက်ပြည်နယ်ကို ရောက်နေပါတယ်။ ဆွေးနွေးပွဲအခြေအနေကို ကြားရတဲ့အခါ သူက “သိပ်မပျော်ဘူး” လို့ လူရှေ့မှာ ထုတ်ပြောပါတယ်။ အဲဒီနေ့က Whataburger ဆိုင်မှာ နံပါတ် ၄၇ တပ်ထားတဲ့ ပါဆယ်အိတ် (၄၇ ဆက်မြောက် သမ္မတကို ရည်ညွှန်းသည့်) ကိုင်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်ခဲ့ပေမဲ့ တကယ်တမ်းတော့ စစ်တိုက်ဖို့ အပြီးသတ်ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ဖလော်ရီဒါက သူ့ရဲ့ မာအာလာဂိုစံအိမ်ကို ရောက်တဲ့အခါ ညသန်းခေါင်ယံမှာ “ဘယ်သမ္မတမှ မလုပ်ရဲတဲ့ အလုပ်ကို ငါလုပ်မယ်” ဆိုပြီး အီရန်ကို စစ်ကြေညာလိုက်တာပါ။
“အဆုံးမရှိ စစ်ပွဲများ” ကို မုန်းတီးသူ၏ စစ်ပွဲအသစ်
ဒီစစ်ပွဲရဲ့ အထင်ရှားဆုံး အကြောင်းအရာတခုကတော့ ထရမ့်ပ် ကိုယ်တိုင်ပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အမေရိကန်ပြည်သူတွေကို “နိုင်ငံခြားစစ်ပွဲတွေမှာ ထပ်မပါတော့ဘူး” (No More Forever Wars) လို့ ကတိပေးခဲ့တဲ့ သမ္မတဟာ အခုတော့ အရှေ့အလယ်ပိုင်းရဲ့ အကြီးမားဆုံး စစ်မီးကြီးကို သူကိုယ်တိုင် မွေးဖွားပေးလိုက်တာပါ။
အရင်စစ်ပွဲတွေနဲ့ မတူတဲ့ ထရမ့်ပ်ရဲ့ ထိုးစစ်သစ်ဟာ သမိုင်းပညာရှင်တွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတုန်းက သမ္မတ ဂျော့ချ် ဒဗလျူဘုရှ်ဟာ အမေရိကန်စစ်သား ၂ သိန်းကျော်ကို မြေပြင်ကနေ ဝင်တိုက်ခိုင်းခဲ့တာပါ။ အခု အီရန်စစ်ပွဲမှာတော့ ထရမ့်ပ်က အမေရိကန် မြေပြင်တပ်ဖွဲ့တွေကို တယောက်မှ မလွှတ်ပါဘူး။ လေကြောင်းကနေပဲ အကြီးအကျယ် ဗုံးကြဲပါတယ်။ ပြီးတော့ အီရန်ပြည်သူတွေကို “မင်းတို့အစိုးရကို မင်းတို့ဘာသာ ဖြုတ်ချကြတော့၊ ဒါဟာ အခွင့်အရေးပဲ” ဆိုပြီး လှုံ့ဆော်ပါတယ်။
ပြဿနာက အဲဒီမှာ စတာပါပဲ။ လေကြောင်းအင်အားသက်သက်ကိုပဲ အားကိုးပြီး ပြည်သူတွေ အုံကြွလာမဲ့အချိန်ကို ထိုင်စောင့်နေတာဟာ “Day After Plan” (အစိုးရ ပြုတ်ကျသွားရင် နောက်ဆက်တွဲ ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်) ရေရေရာရာ မရှိဘူး ဆိုတာကို ပြသနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက “အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ လာဖို့ရှိသေးတယ်” လို့ ဆိုထားသလို ထရမ့်ပ်ကလည်း ဒီစစ်ပွဲဟာ “၄ ပတ်ကနေ ၅ ပတ်လောက် ကြာနိုင်တယ်”လို့ ခန့်မှန်းထားပါတယ်။ မြေပြင်တပ်မလွှတ်ဘူး ဆိုပေမဲ့လည်း လေကြောင်းစစ်ဆင်ရေး ၄ ရက်အတွင်းမှာတင် အမေရိကန်စစ်သား ၆ ယောက် သေဆုံးပြီး ၁၈ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တာက ဒီစစ်ပွဲဟာ အမေရိကန်အတွက် အလကားရမဲ့အောင်ပွဲ မဟုတ်ဘူး ဆိုတာကို သက်သေပြနေပါတယ်။
ပြည်တွင်းနိုင်ငံရေးကို ကိုင်လှုပ်မဲ့ အီရန်အရေး
စစ်ပွဲစပြီဆိုတာနဲ့ အမေရိကန် ပြည်တွင်းနိုင်ငံရေးကလည်း အတော်လေး ဂယက်ရိုက်သွားပါတယ်။ သက်တမ်းဝက် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဒီစစ်ပွဲက နိုင်ငံရေးပါတီ နှစ်ခုကြား ကြီးမားတဲ့ လောင်းကြေးတခု ဖြစ်လာပါတယ်။
ရီပတ်ဘလစ်ကန် အများစုကတော့ ထရမ့်ပ်ကို ထောက်ခံကြပါတယ်။ အန္တရာယ်ရှိတဲ့ အာဏာရှင်နိုင်ငံကို ရဲရဲဝံ့ဝံ့ ရှင်းလင်းပစ်တာဟာ ပြတ်သားတဲ့ ခေါင်းဆောင်မှုလို့ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရကျပ်မဲ့ အမတ်တချို့ကတော့ သတိထားပြီး ပြောဆိုကြသလို ပါတီတွင်းက စစ်ပွဲဆန့်ကျင်ရေးဝါဒီတချို့ကလည်း “ဒါဟာ America First မူဝါဒ မဟုတ်ဘူး” ဆိုပြီး ပြတ်ပြတ်သားသား ဆန့်ကျင်နေကြပါတယ်။
ဒီမိုကရက်အများစုကတော့ ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက မဲဆန္ဒနယ် အကြိတ်အနယ်လုရမယ့် (Swing-district) ဒီမိုကရက် အမတ်တချို့ကတော့ အီရန်အစိုးရက ကိုယ့်ပြည်သူတွေကို ဖိနှိပ်နေတာ ကြာပြီဖြစ်လို့ အခုလိုတိုက်ခိုက်တာ မှန်ကန်တယ်ဆိုပြီး ထရမ့်ပ်ကို ထောက်ခံသွားတာပါပဲ။
ရေနံ၊ နည်းပညာ အခြေခံအဆောက်အအုံနှင့် ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှု
ဒီစစ်ပွဲရဲ့ အဆိုးရွားဆုံး ဂယက်ရိုက်ခတ်မှုကတော့ ကမ္ဘာ့စီးပွားရေးပါပဲ။ ဒီကနေ့ အခြေအနေတွေအရ စစ်ပွဲဟာ ရေနံဈေးကွက်ကိုတင် မကတော့ဘဲ “နည်းပညာ အခြေခံအဆောက်အအုံ” တွေကိုပါ ခြိမ်းခြောက်လာပါတယ်။
အီရန်ရဲ့ ဒရုန်းတွေဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ဘာရိန်းနိုင်ငံမှာရှိတဲ့ Amazon (AWS) ရဲ့ Cloud ဒေတာစင်တာ ၃ ခုကို တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသတွင်း အင်တာနက်နဲ့ နည်းပညာဝန်ဆောင်မှုတွေ အကြီးအကျယ် ပြတ်တောက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က အမေရိကန်သံရုံးလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ လက်ဘနွန်နိုင်ငံဘက်မှာလည်း အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ အစ္စရေးက ဘေရွတ်မြို့ကို ပြန်လည်ဗုံးကြဲရာမှာ လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒီလို စစ်မီးလျှံတွေ နေရာအနှံ့ ကူးစက်လာတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်း ၁၄ နိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ချက်ချင်းထွက်ခွာကြဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ရပါပြီ။
အဆိုးဆုံးကတော့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေရတဲ့ ဟော်မုဇ်ရေလက်ကြားပါ။ ဒီရေလက်ကြားကို အီရန်က ပိတ်ပစ်လိုက်တဲ့အတွက် ကမ္ဘာ့ရေနံဈေးကွက်ကြီးတခုလုံး ရပ်တန့်သွားပါလိမ့်မယ်။ ရေနံဈေးတက်လာရင် ကမ္ဘာတဝန်းလုံးမှာ သယ်ယူပို့ဆောင်စရိတ်နဲ့ ကုန်ဈေးနှုန်းတွေ အကုန်ခုန်တက်သွားပြီး အမေရိကန်ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ကြီးထွားလာနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တခုကတော့ တရုတ်နဲ့ ရုရှားရဲ့ အခန်းကဏ္ဍပါ။ အီရန်ရဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူနေတဲ့ တရုတ်က ဒီကိစ္စကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရေးကြီးပါတယ်။ ပိုဆိုးတာက အမေရိကန်ရဲ့ အာရုံစိုက်မှုနဲ့ စစ်အင်အားတွေ အရှေ့အလယ်ပိုင်းကို ရောက်သွားတဲ့အတွက် ယူကရိန်းမှာ ရုရှားအတွက်ရော၊ ထိုင်ဝမ်အရေးမှာ တရုတ်အတွက်ပါ အသက်ရှူချောင်သွားစေမဲ့ အခွင့်အရေးကြီးတခု ဖန်တီးပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ခြုံငုံသုံးသပ်ချက်
အချုပ်အားဖြင့် ဆိုရရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အီရန်စစ်ဆင်ရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး စစ်တုရင်ခုံပေါ်မှာ အင်မတန် ရဲတင်းတဲ့ ကစားကွက်တခုကို ရွှေ့လိုက်တာပဲ ဖြစ်ပါတယ်။
ဒီစစ်ပွဲဟာ လေကြောင်းအားကိုးနဲ့ ပြည်တွင်းအုံကြွမှုကိုသာ မျှော်လင့်ထားတဲ့ စွန့်စားမှုကြီး ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ လာမဲ့ရွေးကောက်ပွဲအတွက် နိုင်ငံရေးလောင်းကြေးကြီး ဖြစ်လာသလို နိုင်ငံတကာ မျက်နှာစာမှာလည်း ဒေသတွင်း စစ်မီးပြန့်ပွားမှု၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရနိုင်ခြေ၊ရေနံဈေးနှုန်းနဲ့ နည်းပညာကွန်ရက်တွေ ပြတ်တောက်နိုင်ခြေ စတဲ့ ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်သွားနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရပါတယ်။
အီရန်ပြည်သူတွေ တကယ်ပဲ အုံကြွလာမလား၊ အရှေ့အလယ်ပိုင်း စစ်မီးလျှံတွေကြားထဲ အမေရိကန် ပြန်လည်နစ်မွန်းသွားမလား၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကရော ဒီအကွက်ကို ဘယ်လို အသုံးချမလဲ ဆိုတာတွေကိုတော့ လာမဲ့ကာလတွေအတွင်း ကမ္ဘာကြီးတခုလုံးက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
(ဤဆောင်းပါးသည် နိုင်ငံတကာသတင်းရင်းမြစ်များ၏ နောက်ဆုံးရ အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံရေး၊ စီးပွားရေး ရှုထောင့်များမှ ခြုံငုံသုံးသပ် တင်ပြထားခြင်း ဖြစ်ပါသည်။)


