
အီရန်စစ်ပွဲ နောက်တဆင့်ကို အစ္စရေး ထောက်လှမ်းရေး မော့ဆက်နဲ့ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက နောက်ခံပြုပေးတဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ဦးဆောင်နိုင်ခြေရှိတယ်လို့ ၃ ဘက်စလုံးက တာဝန်ရှိသူတွေကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြပါတယ်။
ဒီအစီအစဉ်ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ မော့ဆက်တို့က စတင်ခဲ့တာဖြစ်ပြီး စီအိုင်အေက နောက်ပိုင်းမှ ပူးပေါင်းလာတာလို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
အီရန်အစိုးရကို စိန်ခေါ်ဖို့နဲ့ ပုန်ကန်ထကြွမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လှုံ့ဆော်ဖို့ အတွက် အီရန်နိုင်ငံ အနောက်မြောက်ပိုင်းကို မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ ရည်ရွယ်ပါတယ်။
ကာ့ဒ်လူမျိုးတွေဟာ တူရကီ၊ ဆီးရီးယား၊ အီရတ်နဲ့ အီရန်နိုင်ငံတွေမှာ ပျံ့နှံ့နေထိုင်ကြတဲ့ လူဦးရေ သန်း ၃၀ ကနေ ၄၀ ကြားရှိတဲ့ မျိုးနွယ်စုဖြစ်ပေမဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ နိုင်ငံတော့ မရှိပါဘူး။
ဆက်ဒမ်ဟူစိန်ခေတ်လွန် အီရတ်မှာတော့ ကာဒစ္စတန်ဒေသဟာ တစိတ်တဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ အခိုင်အမာတည်ရှိနေပါတယ်။
'ပက်ရှ်မာဂါ' လို့ ခေါ်တဲ့ ဒီကာ့ဒ်တပ်ဖွဲ့ဝင်တွေဟာ အီရတ်စစ်ပွဲနဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ နှစ်ပေါင်းများစွာ စစ်ရေးအတွေ့အကြုံရှိထားသူတွေ ဖြစ်ပါတယ်။
အခုအီရန်စစ်ပွဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပေမဲ့ သူတို့တွေကြောင့် အီရန်ပိုင်နက်ကွဲ ထွက်သွားမှာကို စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက "အမေရိကန်က ကာ့ဒ်တွေကို လက်နက်မပေးပေမဲ့ အစ္စရေးတွေ ဘာလုပ်မယ်ဆိုတာ မသိနိုင်ဘူး" လို့ မတ်လ ၃ ရက်မှာ ပြောပါတယ်။
ကာ့ဒ်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို သမ္မတ ထရမ့်ပ်က သဘောတူထားတာ မရှိသေးဘူးလို့ အိမ်ဖြူတော် က မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၁ ရက်က သမ္မတ ထရမ့်ပ်နဲ့ ကာ့ဒ်ခေါင်းဆောင်တွေ ဖုန်းပြောခဲ့ပေမဲ့ မြေပြင်ကျူးကျော်မှု အတွက် စိုးရိမ်နေကြဆဲပါ။
လောလောဆယ် ကာ့ဒ်တပ်ဖွဲ့တွေက ထိုးစစ်မစသေးဘဲ အမေရိကန်ရဲ့ မီးစိမ်းပြတာကို စောင့်ဆိုင်း နေတယ်လို့ သိရပါတယ်။
Source: Reuters


