
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလားရခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ အိမ်ဖြူတော်ဆီ ဖိတ်ကြားဂုဏ်ပြုခံခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေး သတင်းစာရှင်းလင်းပွဲအပြီးမှာ မိုင်ယာမီအသင်းကို ဂုဏ်ပြုစကား ပြောခဲ့တာပါ။
ထရမ့်ပ်က မက်ဆီရဲ့ ကစားသမားဘဝ ၄၇ ခုမြောက် ဆုဖလားအောင်မြင်မှုကို ချီးကျူးစကား ပြောကြားခဲ့သလို သူ့သားဖြစ်သူ ဘာရွန်ဟာလည်း မက်ဆီရဲ့ ပရိသတ်တယောက်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပြီး မေဂျာလိဂ်ဖလားပြိုင်ပွဲ သမိုင်းမှာ အဖိုးတန်ဆုံးကစားသမားဆု (MVP) ကို ၂ နှစ်ဆက်တိုက် ရရှိထားသူလည်း ဖြစ်ပါတယ်။
ထရမ့်ပ်က မက်ဆီအနေနဲ့ ကမ္ဘာ့ဘယ်အသင်းကိုမဆို သွားနိုင်ပေမဲ့ မိုင်ယာမီကို ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


