
စပိန်နိုင်ငံနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပေမဲ့ “စစ်ပွဲအလိုမရှိ” ဘူးလို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က သူ့အစိုးရရဲ့ ရပ်တည်ချက်ကို အတိအလင်း တုံ့ပြန်လိုက်ပါတယ်။
အီရန်ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်က စပိန်နိုင်ငံမှာရှိတဲ့ ပူးတွဲစစ်စခန်းတွေကို အသုံးပြုခွင့်တောင်းတာကို စပိန်က ငြင်းဆန်ခဲ့တာကြောင့် ထရမ့်ပ်က မတ် ၃ ရက်မှာ အခုလို ခြိမ်းခြောက်ခဲ့တာပါ။
ဒါကြောင့် မတ် ၄ ရက်က နိုင်ငံတော်ကို မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးချုပ် ဆန်းချက်ဇ်က စစ်ကိုဆန့်ကျင်တဲ့ သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ကံကြမ္မာနဲ့ အလောင်းအစားလုပ်တဲ့၊ သေကြောင်းကြံရာရောက်တဲ့ ရပ်ရှန်း-ရူးလေး ကစားနည်း (Russian roulette) မျိုး မကစားနိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်နေတယ်လို့ သူက ဝေဖန်ခဲ့သလို စပိန်ဟာ တခြားနိုင်ငံတခုရဲ့ “လက်အောက်ခံ (vassals)” မဟုတ်ဘူးလို့လည်း ဒုတိယဝန်ကြီးချုပ် မာရီယာ ဂျီးဆပ် မွန်တဲရိုးက ပြောပါတယ်။
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ်မားဇ် အပါအဝင် ဥရောပခေါင်းဆောင်တွေကလည်း စပိန်နိုင်ငံအပေါ် ထရမ့်ပ်ရဲ့ စီးပွားရေးအရ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး စပိန်ဘက်ကနေ ရပ်တည်ကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။
ထရမ့်ပ်က အဲဒီလို ခြိမ်းခြောက်ခဲ့အပြီးမှာ စပိန်က အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပြီလို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ကယ်ရိုလိုင်းလဲဗစ်က မတ် ၄ ရက်နေ့မှာပဲ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ် အယ်လ်ဘာရက်စ်ကတော့ အဲဒီသတင်းကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး စပိန်အစိုးရရဲ့ မူဝါဒဟာ မြူတမှုန်မျှတောင် မပြောင်းလဲဘူးလို့ တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ စပိန်ညွန့်ပေါင်းအစိုးရဟာ ပြည်တွင်းမှာ နိုင်ငံရေးဖိအား အကြီးအကျယ် ရင်ဆိုင်နေရပြီး အချိန်မရွေး ပြိုလဲနိုင်တဲ့ အခြေအနေ ကြုံနေရပါတယ်။
လက်ဝဲယိမ်းနဲ့ ဒေသဆိုင်ရာ အမျိုးသားရေးပါတီတွေ ပါဝင်တဲ့ သူ့ညွန့်ပေါင်းအစိုးရဟာ လွှတ်တော်ထဲမှာ လူများစုဖြစ်ဖို့ ရုန်းကန်နေရပါတယ်။


