
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်သာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ညွှန်ကြားတဲ့အတိုင်း မလုပ်ရင် အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွဲချက်တင်ဖို့ အမေရိကန်က ပြင်ဆင်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီး ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဒုသမ္မတ ရိုဒရီဂွက်ဇ်က ယာယီသမ္မတအဖြစ် တာဝန်ယူထားတာပါ။
ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေကို မလိုက်နာရင် စွဲချက်တင်ခံရနိုင်တယ် ဆိုတာကို အမေရိကန် ဥပဒေအရာရှိတွေက ရိုဒရီဂွက်ဇ်ကို နှုတ်နဲ့ အသိပေးထားတယ်လို့ သတင်းရင်းမြစ် ၄ ယောက်က အတည်ပြုပါတယ်။
မိုင်ယာမီက အမေရိကန် အစိုးရရှေ့နေရုံးဟာ စွဲချက်မူကြမ်းကို ပြင်ဆင်နေတာ နှစ်လလောက် ရှိပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ကာလတွေမှာ ဗင်နီဇွဲလား နိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA ရဲ့ ရန်ပုံငွေတွေကို ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးထားတာ ဖြစ်ပါတယ်။
အမေရိကန်တရားရေးဌာန ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ချ် ကတော့ ဒါဟာ သတင်းတု ဖြစ်တယ်လို့ X လူမှုကွန်ရက်မှာ ငြင်းဆိုထားပေမဲ့ ရိုက်တာသတင်းဌာနကတော့ သူတို့သတင်း မှန်ကန်ကြောင်း ရပ်တည်ထားပါတယ်။
ဒါ့အပြင် အမေရိကန်ကို တရားခံလွှဲပြောင်းပေးဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားရမဲ့ အရင်အစိုးရအရာရှိဟောင်း ၇ ယောက် ပါဝင်တဲ့ လူစာရင်းကိုလည်း အမေရိကန်ဘက်က ရိုဒရီဂွက်ဇ်ထံ ပေးပို့ထားပါတယ်။
အဲဒီစာရင်းထဲမှာ မာဒူရိုရဲ့ လူယုံဖြစ်သူ အဲလက်စ် ဆာဘ်နဲ့ မီဒီယာလုပ်ငန်းရှင် ရာအူးလ် ဂေါ်ရင် တို့လို နာမည်ကြီးပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။


