
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့က ကားခါးပတ်ကြိုးထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၁၀၀ ကျော်ဟာ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရပြီးနောက် WAG အလုပ်သမား မဟာမိတ်အဖွဲ့ ကူညီတိုင်တန်းပေးတာကြောင့် ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။
အဲဒီစက်ရုံမှာ အချိန် ၄ လကြာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အမျိုးသား ၃၉ ယောက်၊ အမျိုးသမီး ၆၅ ယောက်၊ စုစုပေါင်း ၁၀၄ ယောက်ဟာ အိုတီကြေး အပြည့်မရတာ၊ အချိန်ပိုတွေ အတင်းအကျပ် ဆင်းခိုင်းတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ အလုပ်ဝင်ချိန်ကစလို့ တရက်ကို အလုပ်ချိန် ၉ နာရီ အလုပ်လုပ်ရပြီး အချိန်ပိုကြေးမပေးဘဲ တရက်လုပ်အားခ ၄၀၀ သာ ပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေကို လုပ်ငန်းရှင်က နေထိုင် အလုပ်လုပ်ခွင့် အထောက်အထား (ဘတ်) ရိုက်ပေးထားပြီး အလုပ်သမားတွေရဲ့ အထောက်အထားတွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
WAG အလုပ်သမား မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုမုန်တိုင်းက “နောက်ဆုံးအခြေအနေကတော့ မတ်လ ၁၀ ရက်မှာ လုပ်ခလစာတွေ ရှင်းပေးရမယ်။ စဝပ်ဒီကန်ရုံး (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး) ကိုယ်တိုင် သွားကြည့်ပေးမယ်။ တကယ်လို့ မပေးဆောင်ဘူးဆိုရင် ဒီစက်ရုံကို အရေးယူမယ်။ အဲ့နေ့ကို ပေးဆောင်မယ်လို့ ပြောထားပါတယ်။ အလုပ်သမားတွေကတော့ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းရမယ်။ အိုတီကြေးကလည်း တနာရီ ၇၅ ဘတ် ပြန်ဖြစ်သွားတာပေါ့။ အလုပ်ကလည်း ပုံမှန်အတိုင်း မနက် ၈ နာရီကနေ ၅ နာရီ ဖြစ်သွားတဲ့အတွက် အလုပ်သမားတွေအကုန်လုံး ပျော်နေကြပါတယ်” လို့ DVB ကို ပြောပါတယ်။
အလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၁၂ ရက်ကစလို့ အလုပ်ကို ပုံမှန်မဆင်းရဘဲ အလှည့်ကျ ဆင်းရတာ၊ တရက်ကို အချိန်ပို ၁ နာရီ ပိုခိုင်းတာ၊ အချိန်ပို (အိုတီ) ဆင်းရပေမဲ့ အိုတီကြေးကို ၁ နာရီ ၄၄ ဘတ်သာ ရရှိတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ကို အကူအညီ တောင်းခံခဲ့ပြီး မတ် ၆ ရက်မှာ WAG အဖွဲ့သားတွေက အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်နဲ့အတူ မြို့နယ် စဝပ်ဒီကန်ရုံး (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး) ကို သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
စဝပ်ဒီကန်ရုံး ဝန်ထမ်းတွေက နေ့တွင်းချင်း စက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ရာ အခွင့်အရေး ချိုးဖောက်တာ မှန်ကန်တာကြောင့် သတ်မှတ်ထားတဲ့ အလုပ်သမားဥပဒေ စည်းကမ်းတွေနဲ့အညီ အလုပ်သမားတွေကို အပြည့်အဝ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
အလုပ်သမားတွေကို တရက် အလုပ်ချိန် ၈ နာရီသာ စေခိုင်းဖို့၊ အချိန်ပိုကြေး တနာရီ ၇၅ ဘတ် ပေးဖို့၊ အလုပ်ပါးလို့ နားပါက တရက် နေ့စားခ ၄၀၀ ဘတ် ပေးဖို့နဲ့ ပုံမှန် Day ကြေး ပြန်ပေးဖို့ စတဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝ ပြန်လည်ရရှိခဲ့ကြပါတယ်။
ဇွဲသစ်


