
အမေရိကန်နဲ့ အစ္စရေးအပါအဝင် အီရန်တို့ကြား စစ်ဖြစ်နေတာကြောင့် ကမ္ဘာ့ရေနံဈေးတွေ ထိုးတက် လာတာနဲ့အမျှ စွမ်းအင်ထောက်ပံ့ရေးအတွက် “လိုအပ်တဲ့အစီအမံတွေ” ကို ဖော်ဆောင် သွားမယ်ဆိုပြီး G7 အဖွဲ့ဝင်နိုင်ငံတွေက ထုတ်ပြန်ပါတယ်။
ဒါဟာ G7 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့အတူ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) တို့ကြား ဘရပ်ဆဲလ် မြို့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး သဘောတူညီချက် မရသေးတဲ့အလျောက် ချက်ချင်း အကောင်အထည် ဖော်ဦးမှာတော့ မဟုတ်ပါဘူး။
အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ တာဝန်ရှိသူတယောက်ကလည်း “တစုံတယောက် ကန့်ကွက် နေလို့ မဟုတ်ပါဘူး၊ ချိန်သားကိုက်အောင် စောင့်နေတာပါ။ လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။
“ကျနော့်အမြင် ပြောရမယ်ဆိုရင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ခေါင်းဆောင်တွေကသာ ချမှတ် သွားပါလိမ့်မယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဥရောပစီးပွားရေးကော်မရှင်နာမင်းကြီး ဗယ်လ်ဒစ်စ် ဒွန်မ် ဘရော့ဗ်စကီး (Valdis Dombrovskis) ကတော့ G7 နိုင်ငံတွေဟာ ဗျူဟာမြောက် သိုလှောင်ထားတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့အတွက် အဆင်သင့်ရှိကြောင်း အတည်ပြုပါတယ်။
မတ် ၉ ရက်က ကမ္ဘာ့ရေနံဈေးဟာ တစည်ကို ဒေါ်လာ ၁၂၀ နီးပါးအထိ တက်လာပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “သိပ်မကြာခင်” စစ်ပွဲပြီးဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုချက် ကြောင့် ဒေါ်လာ ၉၀ အောက် စျေးပြန်ကျသွားပါတယ်။
ပုံမှန်အားဖြင့် ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံ တပုံလောက်ကို ဟော်မုဇ်ရေလက်ကြားကတဆင့် ပို့ဆောင်လေ့ ရှိကြပေမဲ့လည်း လောလောဆယ် ရေကြောင်းသွားလာမှု အားလုံးနီးပါး ရပ်ထား ရပါတယ်။
လက်ရှိ IEA အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အရေးပေါ်အသုံးပြုဖို့ အများပြည်သူဆိုင်ရာ အရန် ရေနံစည်ပေါင်း သန်း ၁,၂၀၀ ကျော်နဲ့ စက်မှုလုပ်ငန်းအတွက် သိုလှောင်ထားတဲ့ နောက်ထပ် ရေနံစည်ပေါင်း သန်း ၆၀၀ လောက် ရှိနေပါသေးတယ်။
ဒါ့အပြင် မတ် ၁၀ ရက်မှာ G7 စွမ်းအင်ဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ အခုတပတ် နှောင်းပိုင်းမှာတော့ G7 နိုင်ငံ့ခေါင်းဆောင်တွေကြား ဆွေးနွေးဖို့ ရှိပါတယ်။
တကယ်လို့သာ G7 ရဲ့ အရန်ရေနံတွေကို ထုတ်သုံးဖြစ်ပြီဆိုရင် ဒါဟာ ရုရှားက ယူကရိန်းအပေါ် အလုံးစုံ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီး G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ ပါဝင်တယ်လို့ သိရပါတယ်။
Source:Reuters


