
ရုရှားက ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေးဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေ အများကြီးသုံးကာ တိုက်ခိုက်ခဲ့ပြီး စွမ်းအင်အခြေခံအဆောက်အအုံတွေကို အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်နဲ့ ဒေသခံအရာရှိတွေက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
ညလုံးပေါက် တိုက်ခိုက်မှုတွေက ကိယက်ဗ်မြို့နဲ့ မြို့တော်တဝိုက်က ဒေသတွေ၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒီဆာနဲ့ ယူကရိန်းအလယ်ပိုင်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။
မြို့တော်ကိယက်ဗ်က ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ်တွေက မြို့ပေါ်ကနေ ဖြတ်ကျော်ပျံသန်းနေတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေတာကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းက ပြသထားပါတယ်။
ကိယက်ဗ်ဒေသမှာ လူတယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ခရိုင် ၅ ခုမှာ အိမ်ခြေတဒါဇင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မိုင်ကိုလာ ကလာရှ်နစ်က တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်မှာ ပြောခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းစွမ်းအင်စနစ်ကို နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ပြီး အပူဓာတ်အားပေးစက်ရုံတွေနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကို ထိမှန်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ ၅ နှစ်မြောက်ကို ရောက်လာတာနဲ့အမျှ ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရှေ့တန်းကနေ ၁၄ ကီလိုမီတာအကွာက ဘီလိုဇာစကီမြို့မှာ ဒရုန်းတွေ၊ ပဲ့ထိန်းဗုံးတွေနဲ့ လပေါင်းများစွာ တိုက်ခိုက်အပြီး ရွာအများစုမှာ ပျက်စီးယိုယွင်းနေခဲ့တာပါ။
တချိန်က လူပေါင်း ၁၁,၀၀၀ လောက် နေခဲ့တဲ့မြို့မှာ အခုအခါမှာတော့ လူဦးရေ ၁,၀၀၀ လောက်သာ ကျန်ပါတော့တယ်။
၂၀၂၅ ခုနှစ်လယ်ပိုင်းမှာ ဒိုဘရို ပီလီယာ ဝင်ရိုးက ယူကရိန်းရဲ့ ခံစစ်မျဉ်းတွေကို ရုရှားက ချိုးဖောက်ခဲ့ပါတယ်။
ဒန်ညက်စ်ဒေသဟာ အမေရိကန် ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေးကြိုးပမ်းချက်ရဲ့ အဓိကနေရာမှာ ရှိနေတာပါ။
ဒန်ညက်စ်ဒေသရဲ့ လက်ကျန် ၂၀ ရာခိုင်နှုန်းကို စွန့်လွှတ်ဖို့ ရုရှားက ယူကရိန်းကို တောင်းဆိုထားပြီး ယူကရိန်းအစိုးရကလည်း ငြင်းဆိုထားပါတယ်။
Source: Reuters


