
ယူကရိန်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစတင်ခဲ့တဲ့ ရုရှားရဲ့ အလုံးစုံကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ဦးရေ ၅,၀၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ် ၁၄,၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းနိုင်ငံရှိ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) ရဲ့ ကိုယ်စားလှယ် ဆာဘင်းန်ဖရေဇာဂူးနက်ရှ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၂၅ ခုနှစ်ဟာ အခုစစ်ပွဲအတွင်း အမျိုးသမီးတွေအတွက် သေဆုံးမှုအများဆုံးနှစ် ဖြစ်လာခဲ့ပြီး ယူကရိန်းဟာ ရုရှားရဲ့ အလုံးစုံကျူးကျော်စစ် ၄ နှစ်ပြည့်တာကာလကို ဒီလိုအခြေအနေနဲ့ ကြုံတွေ့ရင်ဆိုင်နေရတာလို့ ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး ဦးဆောင်အဖွဲ့အစည်းတွေဟာ ငွေကြေးထောက်ပံ့မှု လျှော့ချခံရမှုကြောင့် ပြိုလဲမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း သတိပေးခဲ့ပါတယ်။
စစ်တမ်းအရ အဖွဲ့အစည်း ၃ ပုံ ၁ ပုံလောက် ဟာ လက်ရှိဘဏ္ဍာငွေအဆင့်နဲ့ နောက် ၆ လထက် ကျော်လွန်ပြီး မရပ်တည်နိုင်ဘူးလို့လည်း ဆိုပါတယ်။
၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေအတွင်း ငွေကြေးလျှော့ချမှုတွေကြောင့် အဲဒီအဖွဲ့အစည်းတွေဟာ ဒေါ်လာ ၅၄ သန်းနီးပါး ဆုံးရှုံးသွားဖို့ရှိနေပြီး ဝန်ထမ်းအင်အားတွေကိုလည်း အစုလိုက်အပြုံလိုက် လျှော့ချနေရပါတယ်။
၂၀၂၅ ခုနှစ်မှာ အလုပ်အကိုင်နေရာ ၅၇၀ ခု ဖြတ်တောက်ခံခဲ့ရပြီး ၂၀၂၆ ခုနှစ်မှာ နောက်ထပ်အလုပ်အကိုင်နေရာ ၃၄၀ ခု ထပ်မံလျှော့ချခံရနိုင်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒီအခြေအနေကို မတားဆီးနိုင်ဘူးဆိုရင် ၂၀၂၆ ခုနှစ်မှာ ယူကရိန်းအမျိုးသမီးပေါင်း ၆၀,၀၀၀ ကျော်ဟာ အသက်ကယ် အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ အကူအညီတွေကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
လက်ရှိမှာတော့ ဒီအဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ လျှပ်စစ်မီးနဲ့ အပူပေးစနစ်မရှိတဲ့ ရုံးခန်းတွေထဲမှာ ခက်ခဲစွာ တာဝန်ထမ်းဆောင်နေကြရတယ်လို့ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ရဲ့ ကိုယ်စားလှယ် ဂူးနက်ရှ်က ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးဟာ အခုအခါ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
ယူကရိန်းမှာ စစ်ပွဲ ၄ နှစ်တာ ကာလအတွင်း အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် အရေးပေါ် ထောက်ပံ့မှုတွေ လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) က ထပ်လောင်း တိုက်တွန်းထားပါတယ်။
Source: Reuters


