
စစ်ကောင်စီက ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်နဲ့ ပတ်သက်လို့ ထိန်းချုပ်ထားချိန်မှာ ဖြေလျှော့မူပေးထားတဲ့ ရုရှားနိုင်ငံဆီ လုပ်သားဈေးကွက် ထိုးဖောက်ဖို့အတွက် ပြင်ဆင်မူတွေ လုပ်လာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုက်အဝန်းဆီက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် တားမြစ်တာ၊ စေလွှတ်ခွင့်လုပ်သားဦးရေ ကန့်သတ်လိုက်တာတွေ ကြောင့် အေဂျင်စီလုပ်ငန်းတွေအပေါ် ထိခိုက်မူရှိလာတဲ့အတွက် အဆင်ပြေမဲ့ နည်းလမ်းရှာလာကြတာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ၊ ဒါရိုက်တာအဖွဲ့ဝင်တယောက်က ပြောပါတယ်။
"တခြားနိုင်ငံတွေလောက် ရုရှားကိုလွှတ်ဖို့က သိပ်ပြီးတင်းကျပ်ထားတာမရှိတော့ လုပ် သားဈေးကွက်အသစ်ရှာဖို့ စဉ်းစားလာကြတဲ့သူတွေ ရှိလာတဲ့သဘောပါပဲ။ အကောင်အထည် စဖော်တဲ့သူတွေတော့ စနေကြပြီ။ ဘယ်လောက်အထိ ခရီးပေါက်မယ်တော့ မပြောတတ်သေးဘူး"
မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အာရှဒေသတွင်း နိုင်ငံတွေဆီပဲ အလုပ်သမားစေလွှတ်တာတွေ အဓိက လုပ်နေတာဖြစ်တာကြောင့် ရုရှားကို လုပ်သားစေ လွှတ်ဖို့နဲ့ လုပ်သားစျေးကွက် ဝေစုရရှိဖို့က အစပိုင်းမှာ ရုန်းကန်ရနိူင်တယ်လို့ အေဂျင်စီအသိုက် အဝန်းက ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာလုပ်သား ၅၀ ကျော်ကို ဆောက်လုပ်ရေးလုပ်ငန်းမှ ာလုပ်ကိုင်ဖို့အတွက် Pilot Project အနေနဲ့ စစ်အုပ်စုနဲ့နီးစပ်တဲ့ အေဂျင်စီအဖွဲ့တခုက စေလွှတ်ခဲ့သလို လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့ ရုရှား နဲ့ စစ်ကောင်စီတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ရှိပါတယ်။
အဲဒီလို လုပ်သားစမ်းသပ်စေလွှတ်ထားသလို အလုပ်သမားအရေးသဘောတူလက်မှတ်ရေး ထိုးထားတာကြောင့် ဈေးကွက်ရရှိတဲ့အပေါ်မူတည်ပြီး အခြားအေဂျင်စီတွေကပါ အလုပ်သမားပို့နိုင်ဖို့အတွက် စိတ်ဝင်စားမှု ရှိလာတာလို့လည်း အဲဒီလုပ်ငန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရုရှားနိုင်ငံရှိ စက်မူလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး ၊စားသောက်ဆိုင်လုပ်ငန်းတွေအတွက် လုပ်သားလိုအပ်နေပြီေ လုပ်ငန်းအချို့က အလုပ်သမားက ပေးရမဲ့ ဝန်ဆောင်ခကို စိုက်ထုတ်ခေါ်ယူတာမျိုးတွေ ရှိနေတယ်လို့ အဲဒီနိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့ အေဂျင်စီနဲ့ ချိတ်ဆက်ထားသူတယောက်က ပြောပါတယ်။
"ရုရှားဘာသာစကား အနည်းကျည်းတော့ တတ်ထားရမယ်ပြောတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ သင်တန်းတွေလည်း တက်ရမှာ။ ဝန်ဆောင်ခက သိန်းတရာကျော် သွင်းရမယ်ပြောတယ်။ အလုပ်သက်တမ်းက ၂ နှစ်ပဲဆိုပေမဲ့ အလုပ်ရှင်က သဘောကျရင် သက် တမ်းဆက်တိုးလို့ ရတယ်လို့ သိရတယ်။"
ရုရှားနိုင်ငံမှာ ယောကျ်ားလေးတင်မဟုတ်ဘဲ အမျိုးသမီးလုပ်သား လိုအပ်နေပေမဲ့ စစ်ရေးပြဿနာတွေကြောင့် မြန်မာအမျိုးသမီးအများစုက သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု နည်းတယ်လို့ အေဂျင်စီလုပ်ငန်းရှင်အချို့က ပြောပါတယ်။


