
ဂျီနီဗာမှာ ဆွေးနွေးပွဲတွေ စနေပေမဲ့ ယူကရိန်းကို ရုရှားက ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၁၇ ရက်ည ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂ ရက်တာရဲ့ ပထမနေ့အဖြစ် မနေ့က ယူကရိန်းနဲ့ ရုရှားက ညှိနှိုင်းသူတွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တွေ့ဆုံခဲ့ကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လေးနှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရေး သဘောတူညီချက်တခု ရအောင် အမြန်လုပ်ဖို့ ယူကရိန်း အစိုးရကို ဖိအားပေးခဲ့ပါတယ်။
ဆွစ်ဇာလန်မှာ ဆွေးနွေးပွဲတွေ မစမီ ရုရှားက ယူကရိန်းနိုင်ငံတဝန်းကို လေကြောင်းကနေ ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီး တောင်ပိုင်းဆိပ်ကမ်းမြို့ ဩဒက်ဆာက လျှပ်စစ်ဓာတ်အား ကွန်ရက်ကို အပြင်းအထန် ပျက်စီးစေခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာဟာ အပူနဲ့ ရေ မရှိဘဲ ကျန်ရစ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ ဦးဆောင်ညှိနှိုင်းရေးမှူး ရပ်စမ်အူမီရော့ဗ်က အသေးစိတ်မဖော်ပြပေမဲ့ ဆွေးနွေးပွဲတွေဟာ "လက်တွေ့ကျတဲ့ ကိစ္စရပ်တွေနဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ဆုံးဖြတ်ချက်တွေရဲ့ ယန္တရားတွေကို အာရုံစိုက်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဆွေးနွေးပွဲတွေကို နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြန်စမယ်လို့လည်း ပြောခဲ့ပါတယ်။


