
ရုရှားသမ္မတကိုဝေဖန်သူ အလက်ဇီနာဗယ်ညီကို လွန်ခဲ့တဲ့ ၂ နှစ်က အာတိတ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားချိန် အဆိပ်ရှိတဲ့ဖားတွေရဲ့ အဆိပ်ကို သုံးပြီးသတ်မှုအတွက် ဂျာမနီ အပါအဝင် ဥရောပ မဟာမိတ် ၅ နိုင်ငံက ဖေဖော်ဝါရီ ၁၄ ရက်မှာ ရုရှားကို အပြစ်တင်ခဲ့ကြပါတယ်။
နာဗယ်ညီရဲ့ ရုပ်အလောင်းက နမူနာတွေကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးရာမှာ တောင်အမေရိကမှာရှိတဲ့ အဆိပ်ရှိဖားတွေမှာ တွေ့ရပြီး ရုရှားမှာ သဘာဝအတိုင်းမတွေ့ရတဲ့ အဆိပ်တမျိုးဖြစ်တဲ့ အက်ပီဘာတီဒင်း ရှိနေတယ်လို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတို့က ပူးတွဲကြေညာချက်တစောင်မှာ အပြီးအပြတ်အတည်ပြုခဲ့ပါတယ်။
ရုရှားအစိုးရဟာ နာဗယ်ညီ သေဆုံးမှုအတွက် ဘယ်လိုတာဝန်ကိုမဆို အထပ်ထပ်ငြင်းဆိုခဲ့တာပါ။ လန်ဒန်မှာရှိတဲ့ ရုရှားသံရုံးက မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးလ်က “၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ရုရှား အကျဉ်းထောင်မှာ ဖြစ်ခဲ့တာတွေကို ပူတင်ရဲ့ လက်ပါးစေတွေကလွဲလို့ ဘယ်သူမှ အတိအကျ ပြောနိုင်မှာမဟုတ်ပါဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ရုရှားအာဏာပိုင်တွေက နာဗယ်ညီကို အဆိပ်ခတ်ဖို့ အခွင့်အရေး၊ ရည်ရွယ်ချက်နဲ့ နည်းလမ်းတွေရှိခဲ့တာ ထင်ရှားတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်ညီ ဟာ သူ မလုပ်ဘူးလို့ ငြင်းခဲ့တဲ့ အစွန်းရောက်ဝါဒနဲ့ တခြားစွဲချက်တွေအတွက် ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အာတိတ်အကျဉ်းထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က မြူးနစ် လုံခြုံရေးညီလာခံဖွင့်ပွဲမတိုင်မီ မိနစ်နည်းနည်းအလိုမှာ သူ့သေဆုံးမှုကို ကြေညာခဲ့တာပါ။
တုံ့ပြန်တဲ့အနေနဲ့ ညီလာခံဟာ သူ့ဇနီး ယူလီယာ နာဗယ်နာယာ ကို ညီလာခံမှာ မိန့်ခွန်းပြောနိုင်ဖို့ ရှားရှားပါးပါး အချိန်ဇယား ပြောင်းခဲ့ပြီး သူက ပူတင်ကို တာဝန်ခံဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters


