
ရုရှားနိုင်ငံရဲ့ အကြီးတန်း စစ်ဘက်ထောက်လှမ်းရေးအရာရှိတယောက်ကို ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူတွေဟာ ယူကရိန်းလုံခြုံရေးဌာန (SBU) က ပေးတဲ့အမိန့်တွေကို လိုက်နာဆောင်ရွက်နေတဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ ရုရှားလုံခြုံရေးဌာန (FSB) က ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။
FSB က ထုတ်ပြန်တဲ့ သံသယရှိသူတွေရဲ့ ရုပ်သံကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားချန်နယ် Ru24 ကနေ ထုတ်လွှင့်ခဲ့တာပါ။
ယူကရိန်းအစိုးရက ရုရှားရဲ့ GRU စစ်ဘက်ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဇီယက်ဗ်ကို သောကြာနေ့က လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အလက်ဇီယက်ဗ်ကတော့ ခွဲစိတ်ကုသမှုအပြီးမှာ သတိပြန်ရလာခဲ့တာပါ။ ရုရှားအစိုးရက လူးဘိုမီယာ ကော်ဘာလို့ နာမည်ပေးထားတဲ့ ယူကရိန်းနိုင်ငံဖွား ရုရှားနိုင်ငံသား သံသယရှိသူကို ဒူဘိုင်းမြို့ကနေ လွှဲပြောင်းပေးပြီးတဲ့နောက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
သံသယရှိသူ ဗစ်တာဗာဆင်ကိုလည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ကော်ဘာနဲ့ ဗာဆင် ၂ ယောက်စလုံးက အပြစ်ကို ဝန်ခံခဲ့ပြီး ယူကရိန်းလုံခြုံရေးဌာနကိုယ်စား ကျူးလွန်ခဲ့တယ်လို့ ပြောခဲ့ကြောင်း FSB က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
FSB ဟာ ရိုက်တာသတင်းဌာနက ချက်ချင်းအတည်ပြုနိုင်တဲ့ အထောက်အထား တစုံတရာကို မပေးခဲ့ပါဘူး။
စွပ်စွဲခံရသူတွေ ရုရှားမှာ ထိန်းသိမ်းခံထားရချိန်မှာ ဆက်သွယ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ FSB ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ချက်ချင်းမှတ်ချက်ပေးဖို့ SBU ကိုလည်း ဆက်သွယ်လို့ မရပါဘူး။
ကော်ဘာကို ၂၀၂၅ ခုနှစ် သြဂုတ်လမှာ ယူကရိန်း အနောက်ပိုင်း၊ တာနိုပီလ်မြို့ကနေ SBU က စစ်သားအဖြစ် စုဆောင်းခဲ့ပြီး ကိယက်ဗ်မြို့တော်မှာ လေ့ကျင့်ခဲ့သလို လစဉ်လတိုင်း crypto-ငွေကြေးနဲ့ လစာရခဲ့တယ်လို့ FSB က ပြောပါတယ်။
ရုရှားဗိုလ်ချုပ်ကြီးကို သတ်ဖြတ်မှုအတွက် ကော်ဘာကို ယူကရိန်း SBU က ဒေါ်လာ ၃၀,၀၀၀ ပေးဖို့ ကတိပြုခဲ့တယ်လို့ FSB က ပြောပါတယ်။
ပိုလန်ထောက်လှမ်းရေးက စစ်သားစုဆောင်းမှုမှာ ပါဝင်ပတ်သက်နေတယ်လို့လည်း FSB က ပြောခဲ့ပါတယ်။ ချက်ချင်းမှတ်ချက်ပေးဖို့ ပိုလန်ကို ဆက်သွယ်လို့ မရသေးပါဘူး။
Source: Reuters


