
အီတလီနိုင်ငံရဲ့ မီလာနို–ကော်တီနာ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို တကမ္ဘာလုံး အာရုံစိုက်နေချိန်မှာပဲ အီတလီအစိုးရဟာ ရုရှားဘက်က ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ အီတလီ အမျိုးသား ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (ACN) က ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာ အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ဝါရှင်တန်ရှိ သံရုံး အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေအပြင် ဆောင်းရာသီအိုလံပစ်နဲ့ ဆက်နွှယ်တဲ့ ဝက်ဘ်ဆိုက်တွေ၊ ကော်တီနာ ဒါမ်ပက်ဇိုရှိ ဟိုတယ်တွေကို ဦးတည်ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အိုလံပစ်ပွဲတော်ဟာ ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှု ရရှိနေတာကြောင့် အသေးစား ဆိုက်ဘာ ရာဇဝတ်သားတွေကစလို့ နိုင်ငံတော်အဆင့်နဲ့ ဆက်နွှယ်နိုင်တဲ့ အဆင့်မြင့်အဖွဲ့တွေအထိ ခြိမ်းခြောက်သူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ပစ်မှတ် ဖြစ်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အခုပွဲတော်ဟာ သူတို့အတွက် အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်ပြီး တိုက်ခိုက်သူတွေဟာ ဉာဏ်ရည်တု (AI) ကို အသုံးပြုလာနိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (ACN) ရဲ့ ဆိုက်ဘာစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဂီယန်လူကာ ဂါလာဆိုက သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်ကနေ ၂၂ ရက်အထိ ကျင်းပမဲ့ ဆောင်းရာသီအိုလံပစ်ကို အဲ့လ်ပ်တောင်တန်းဒေသတလွှားမှာ ပထမဆုံးအကြိမ် အတူတကွ ကျင်းပသွားမှာဖြစ်ပြီး ဒီအခြေအနေကြောင့် လုံခြုံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ပိုမိုတိုးလာနိုင်ကြောင်းလည်း သိရပါတယ်။
အီတလီ အမျိုးသား ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (ACN) ကတော့ ပွဲတော်ကာလအတွင်းမှာ အွန်လိုင်းဝန်ဆောင်မှုတွေ၊ ထုတ်လွှင့်မှုတွေနဲ့ လက်မှတ်ဝယ်ယူရေးစနစ်တွေကို အနှောင့်အယှက်မဖြစ်စေရအောင် အပြည့်အဝ စောင့်ကြည့်ပြီး ကာကွယ်သွားမယ်လို့ ပြောကြားထားပါတယ်။
Source: Reuters


