Home
နိုင်ငံတကာ
ယူကရိန်းလူဦးရေ အကျပ်အတည်း ကုစားရန် စစ်သည်များ၏ သုက်ပိုး သိမ်းဆည်း
DVB
·
February 17, 2026
Photo: Reuters

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံမှာ လူဦးရေကျဆင်းမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေကို ကုစားဖို့နဲ့ စစ်သည်တွေအတွက် ရည်ရွယ်ပြီး ယူကရိန်းအစိုးရဟာ ရှေ့တန်းထွက်မဲ့ စစ်သည်တွေရဲ့ သုက်ပိုးတွေကို အခမဲ့ အေးခဲသိမ်းဆည်းပေးမဲ့ အစီအစဉ်တခုကို လုပ်ဆောင်နေပါတယ်။

ယူကရိန်း အမျိုးသားအစောင့်တပ်ဖွဲ့ဝင် မက်ဇင်မ်က “ကျနော်တို့ အမျိုးသားတွေ သေဆုံးနေကြသလို ယူကရိန်းရဲ့ မျိုးရိုးဗီဇတွေလည်း ပျောက်ကွယ်နေတာမို့ ဒါဟာ ကျနော်တို့နိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက်ပါပဲ” လို့ ဆိုပါတယ်။

ရှေ့တန်းက အသက်အန္တရာယ်နဲ့ စိတ်ဖိစီးမှုတွေဟာ စစ်သည်တွေရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်တာကြောင့် အခုလို ကြိုတင်သိမ်းဆည်းထားဖို့ လိုအပ်တာဖြစ်ပါတယ်။

ဒီအစီအစဉ်အတွက် လွှတ်တော်အမတ် အောက်ဆာနာ ဒမီထရီဗာက ဥပဒေရေးဆွဲပေးခဲ့ပြီး စစ်သည်တွေ သေဆုံးသွားခဲ့ရင်တောင် သူတို့ရဲ့ သုက်ပိုးတွေကို မိသားစုဝင်တွေ အသုံးပြုနိုင်ဖို့ ၃ နှစ်အထိ ဆက်လက်သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။

ဒမီထရီဗာက “စစ်သည်တွေဟာ ကျမတို့ရဲ့ အနာဂတ်ကို ကာကွယ်ပေးနေပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ဆုံးရှုံးသွားနိုင်လို့ အခုလို အခွင့်အရေး ပေးချင်တာပါ” လို့ ပြောပါတယ်။

အစောပိုင်းမှာ ဥပဒေရေးရာ အခက်အခဲတွေ ရှိခဲ့လို့ စစ်ပွဲအတွင်း ခင်ပွန်းဖြစ်သူ ဗစ်တာလီကို ဆုံးရှုံးခဲ့ရတဲ့ ကက်သရီနာ မာလစ်ရှ်ကိုလို မုဆိုးမတွေဟာ ခင်ပွန်းသည်ရဲ့ အေးခဲသန္ဓေသားလောင်းကို အသုံးပြုခွင့်ရဖို့ တရားရုံးမှာ လပေါင်းများစွာ ခက်ခက်ခဲဲခ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဥပဒေပိုင်းဆိုင်ရာတွေကို ပြင်ဆင်ထားပြီး ဖြစ်သလို သေဆုံးသွားတဲ့ စစ်သည်တွေရဲ့ သွေးထွက်သံယို ပေးဆပ်မှုတွေ အချည်းနှီးမဖြစ်စေဖို့နဲ့ သူတို့ရဲ့ မျိုးဆက်တွေ ရှင်သန်ခွင့်ရဖို့အတွက် ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ တိုက်တွန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013