
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့လယ်မှာ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် စုံတွဲတွေလိုက်ပါစီးနင်းဖို့ ရှေးဟောင်းရေနွေးငွေ့ ရထားတစင်းကို ဖေဖော်ဝါရီ ၁၄ ရက်က ခုတ်မောင်းပေးခဲ့ပါတယ်။
ယူကရိန်းရထားလုပ်ငန်းက ချစ်သူများနေ့အတွက် စတင်ခဲ့တဲ့ အချစ်ရထား ဝန်ဆောင်မှုဟာ ခရီးသည်တွေကို နွေးထွေးတဲ့ရထားတွဲတွေနဲ့ကြိုဆိုပြီး မြို့တော်တဝိုက်မှာ ၂ နာရီကြာ ဖြည်းဖြည်းချင်း ခုတ်မောင်းခဲ့ပါတယ်။
ဒီအထူးခရီးစဉ်ဟာ စစ်အတွင်းဘဝရဲ့ ဖိအားတွေကနေ ခဏတာလွတ်မြောက်ချင်သူတွေကို ဆွဲဆောင်ခဲ့ပါတယ်။
ရထားပေါ်မှာ လိုက်ပါလာသူတွေထဲမှာ ၂၀၁၄ ခုနှစ်က ဇာတိမြို့ကနေ ထွက်ပြေးပြီးတဲ့နောက် ဒန်ညက်စ်မြို့ကနေ ရွှေ့ပြောင်းခံခဲ့ရတဲ့ အသက် ၄၃ နှစ် အရွယ် အိုလ်ဟာ ကာချူရာနဲ့ သူ့ခင်ပွန်း အသက် ၅၁ နှစ်အရွယ် အန်ဒရီ မက်ထရိုခင် တို့ပါဝင်ပါတယ်။
ကာချူရာ က ရထားစီးရတဲ့ ခရီးစဉ်ဟာ သူတို့အတွက် အသက်ရှူဖို့ ရှားရှားပါးပါးအချိန်ကို ပေးစွမ်းခဲ့တယ်လို့ ပြောပါတယ်။
“ယူကရိန်းလူမျိုးတိုင်းနဲ့ ကျမတို့နိုင်ငံအတွက် ခက်ခဲတဲ့အချိန်တွေမှာ ကျမတို့တယောက်ချင်းစီ အတွက် ခဏလောက်ရပ်ပြီး အချင်းချင်းအတွက် နှစ်သက်စရာတခုခုလုပ်ဖို့ အံ့သြစရာအခွင့်အရေး တခုပါပဲ။ ကျမတို့ ဘယ်လိုတွေ့ဆုံခဲ့ကြလဲ၊ ကျမတို့ဘဝမှာ ဘယ်လိုအံ့သြစရာကောင်းတဲ့ အခိုက်အတန့်တွေရှိခဲ့လဲဆိုတာကို သတိရပြီး ဒီအချိန်ကို အတူတူ ဖြတ်သန်းကြရအောင်။”
ဒီရထားစီးတဲ့ ခရီးစဉ်က နေ့စဉ်ဘဝရဲ့ ဖိစီးမှုတွေကနေ ခဏတာ လွတ်မြောက်စေတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
မက်ထရိုခင်ကလည်း “ဒါက ကျနော်တို့ကို လက်တွေ့ဘဝကနေ ခဏတာ အာရုံလွဲသွားစေလိမ့်မယ်။ ပြီးရင် အိမ်ပြန်ကြမယ်။ အောင်ပွဲက ကျနော်တို့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခြားဘာမှ မမျှော်လင့်ပါဘူး” လို့ ပြောပါတယ်။
Source: Reuters


