
ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံထောက်ပံ့ဖို့ ဗြိတိန်နဲ့ မဟာမိတ်တွေက ကတိပြုခဲ့ပါတယ်။
နိုင်ငံပေါင်း ၅၀ ပါဝင်တဲ့ မဟာမိတ်အဖွဲ့က အခုလို ကတိပြုခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးကို ဗြိတိန်နဲ့ ဂျာမနီက ပူးတွဲဦးဆောင်ခဲ့တာပါ။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေးက“အသက်တွေကို ကျနော်တို့ ကယ်နိုင်မယ်။ ပူတင်ကို ဖိအားပေးနိုင်မယ်။ ကျနော်တို့ ငြိမ်းချမ်းရေးယူနိုင်မယ်။ ဒါပေမဲ့ ကျနော်တို့ အတူတူပြုလုပ်ဖို့တော့ လိုပါတယ်” လို့ ပြောပါတယ်။
ဒါဟာ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံတာဖြစ်ကာ ယူကရိန်းကို စစ်ရေးပံ့ပိုးပေးဖို့ ဆွေးနွေးခဲ့တာပါ။
ယူကရိန်း-ရုရှားစစ်ဟာ ၅ နှစ်အတွင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ ဝယ်ယူပေးနေတဲ့ PURL ကနေ ဝယ်ယူဖို့ ဗြိတိန်နိုင်ငံက ဒေါ်လာ ၂၀၅ သန်း ထောက်ပံ့မယ်လို့လည်း ကတိပြုထားပါတယ်။
PURL ကပဲ ယူကရိန်းအတွက် လိုအပ်တဲ့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ အခြားပစ္စည်းတွေကို ဝယ်ယူဖို့ အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲသဘောတူညီချက်အရ အမေရိကန်လေကြောင်းကာကွယ်ရေးစနစ်နဲ့ တခြားအသုံး အဆောင်တွေ ယူကရိန်းကို ဝယ်ယူပေးဖို့ ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ယူကရိန်း စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို ဖျက်ဆီးနေတဲ့ ဘီလစ်စတစ်ဒုံးတွေကို ကာကွယ်ဖို့ PAC-3 လေကြောင်း ကာကွယ်ရေးဒုံးတွေ လိုအပ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင်သူက မဟာမိတ်တွေဟာ ရုရှားရဲ့ တရားမဝင် ရေနံတင်ပို့မှုတွေကို ပိုပြီး ကန့်သတ်သင့်တယ်လို့လည်း အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။
Source:Reuters


