
၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သိသာထင်ရှားတဲ့ရလဒ် ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြီးဆုံးသွားပါတယ်။
အဲဒီနှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းပေးနေတဲ့ အမေရိကန်ဟာ “အဓိပ္ပာယ်ပြည့်၀တဲ့ တိုးတက်မှုရှိတယ်” လို့ ဆိုပေမဲ့လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ဆွေးနွေးပွဲရလဒ်ကို ကျေနပ်အားရမှု မရှိကြောင်း တုံ့ပြန်ထားပါတယ်။
ဒါဟာ “ရုရှားဘက်က နောက်ဆုံးအဆင့်အထိ ရောက်သင့်နေပြီဖြစ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို အချိန်ဆွဲဖို့ ကြိုးစားနေတယ်” ဖြစ်တယ်ဆိုပြီး ဇလန်းစကီးက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။
အဲဒီနောက် ရုရှား-ယူကရိန်း နှစ်ဖက်စလုံးက တာဝန်ရှိတွေဟာ ဂျီနီဗာဆွေးနွေးပွဲကို အတော်လေး ခက်ခဲတယ်ဆိုပြီး ထုတ်ပြောလာကြပါတယ်။
အခုလနှောင်းပိုင်းမှာ နှစ်ဖက်ကိုယ်စားလှယ်တွေကြား နောက်တကြိမ်ထပ်တွေ့ဖို့ အတည်ပြုပေမဲ့လည်း ရက်အတိအကျတော့ မပြောသွားပါဘူး။
ဒါ့အပြင် ယူကရိန်း သံတမန်ရေး သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ ရှေ့တန်းစစ်မျက်နှာ တည်နေရာ သတ်မှတ်ရေးနဲ့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးလိုမျိုး “စစ်ရေးကိစ္စရပ်တွေ” မှာတော့ တိုးတက်မှုတချို့ ရှိခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့လည်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ မော်စကိုနဲ့ ကိယက်ဗ်ကြား သဘောထား ကွဲလွဲနေတာကြောင့် အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသက နယ်မြေ ၂၀ ရာခိုင်နှုန်းကို စွန့်လွှတ်ဖို့အတွက် ရုရှားအနေနဲ့ တောင်းဆိုထားပေမဲ့လည်း အကြိမ်ကြိမ် ပယ်ချခံထားရပါတယ်။
မကြာသေးတဲ့ ရက်ပိုင်းမှာတင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းကို သဘောတူညီချက်တခု မြန်မြန်ဆန်ဆန် ရအောင်လုပ်ဖို့အတွက် နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့ပါတယ်။
ဒါကြောင့်ပဲ Axio သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇလန်းစကီးက ထရမ့်ပ်ဟာ ရုရှားကိုတော့ မပြောဘဲ ယူကရိန်းအနေနဲ့ လိုက်လျောဖို့အတွက် ဆက်တိုက်တွန်းအားပေးနေတာကြောင့် “တရားမျှတမှုမရှိကြောင်း” ဝေဖန်ထားပါတယ်။


