Home
မြန်မာသတင်း
ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ်  လိင်အကြမ်းဖက်မှုများကို အရေးယူမှုအားနည်းနေ
DVB
·
February 20, 2026

ပဋိပက္ခတွေအတွင်း တော်လှန်ရေးဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ပိုများလာကာ အရေးယူဆောက်ရွက်တဲ့အပိုင်းတွေမှာ အားနည်းနေပြီး တရားမျှတမှုအကာအကွယ်တွေ မရရှိကြောင်း အမျိုးသမီးအဖွဲ့တွေနဲ့ ကျူးလွန်ခံရသူ အမျိုးသမီးတွေက ပြောပါတယ်။ 

လက်ရှိ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေက တော်လှန်ရေးဘက်အသိုက်အဝန်းထဲက ပိုများကြောင်းနဲ့ ဂုဏ်သတင်းကို အကာအကွယ်ယူပြီး ကျူးလွန်နေကြကာ အပြစ်ပေးအရေးယူမှုမှာလည်း အားနည်းတယ်လို့ ဆိုပါတယ်။

ထားဝယ်အမျိုးသမီးသမဂ္ဂ  အထွေထွေအတွင်းရေးမှူး (၁) မယ်းသီတာက “ကျူးလွန်တဲ့သူတွေကို မျက်ကွယ်ပြုထားတာပေါ့နော်။ ဒီအခင်းအကျင်းအရဆိုရင် ဒီလိုအမှုတွေက အ‌ရေးယူဆောင်ရွက်ဖို့ အဆင်သင့်မဖြစ်သေးဘူး၊ ဒီထက်ပိုအရေးကြီးတာတွေ ရှိတယ်ဆိုပြီးပေါ့။ တဖက်ကျတော့လည်း အပြစ်ကျူးလွန်တာကို အရေးယူတာ မရှိဘူးဆိုတော့ ပိုပီးတော့ ပြစ်မှုကျူးလွန်ဖို့ ဘောင်ကျယ်လာတယ်လို့ ကျမနေနဲ့မြင်တယ်။ ကျမတို့ဘက်မှာ ပြီးခဲ့တဲ့ နှစ်မှာဆိုရင် case spot အနေနဲ့ ၂၁ မှု လုပ်ခဲ့တယ်။ အဲဒီ ၂၁ ခုမှာ သက်ငယ်မုဒိန်းက ၁၆ မှုဖြစ်တယ်၊ အိမ်တွင်းအကြမ်းဖက်မှုက တမှုပါတယ်။ ဒီပြောတဲ့ ၂၁ ကေ့စ်မှာဆိုရင် ကျမတို့လက်လှမ်းမီတာပေါ့ စကမက ကျူးလွန်တာ ၂ မှုပဲရှိတယ်၊ ကျန်တဲ့ဟာတွေက သွေးရင်းကကျူးလွန်တယ်၊ တော်လှန်ရေးဘက်တော်သားတွေ ဘက်က ကျူးလွန်တာရှိတယ်။ ပါဝါ အာဏာရှိတဲ့သူဆို အပြစ်ကျူးလွန်ရင်တောင် ကျမတို့ community က အပြစ်မဖို့ဘူးပေါ့နော်၊ အဲဒါက တကယ့်လက်ရှိမြေပြင်က အခြေအနေ ဖြစ်တယ်ပေါ့။ အဲဒါကြောင့် ကျူးလွန်သူတွေကလည်း ထပ်မံထပ်မံ ကျူးလွန်နေတာပေါ့” လို့ ပြောပါတယ်။

ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့က ကူညီဆောင်ရွက်ပေးထားတဲ့ သက်ငယ်မုဒိန်းမှု ၁၆ ခုမှာ အငယ်ဆုံး ၄ နှစ်ကနေ အကြီးဆုံး ၁၄ ထိသာ မိန်းကလေးငယ်တွေက ကျူးလွန်ခံနေပြီး ကျူးလွန်သူအများစုက သွေးသားရင်း မိသားစုဝင်တွေ၊ လူအများလေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ တော်လှန်ရေးဘက်ကသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးဘက်ကသူတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖိနှိပ်မှုခံခဲ့ရပြီး တရားမျှတမှုမရရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကတော့  ညစဉ် စိတ်မလုံခြုံမှုတွေ ခံစားနေဆဲ ဖြစ်ကြောင်း ပြောပြပါတယ်၊

ကျူးလွန်ခံရသူ အမျိုးသမီးက “တော်တော်တော့ ထရော်မာရပါတယ်။ အခုလိုပြောနေရင်းနဲ့တောင် ခံပြင်းမိတယ်။ ညဘက်တွေလည်း အိပ်မပျော်ဘူး။ ပြန်တွေးမိရင် ဘယ်လိုမှ အဆင်မပြေဘူး။ စိတ်ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကြာတော့ ကြာပါပြီ၊ ကြာလည်း အဆင်မပြေဘူး၊ ဘယ်ကိုမှတော့ မတိုင်ခဲ့ဘူးပေါ့။ ဒါတွေက ပြီးခဲ့တာလည်း ပြီးပြီဆိုတော့ ကိုယ်က မေ့အောင်ပဲ နေလိုက်တယ်။ တော်လှန်ရေးလုပ်မယ်ဆိုလည်း တော်လှန်ရေးကိုပဲ ထိထိရောက်ရောက် လုပ်စေချင် ပါတယ်။  တော်လှန်ရေးကို ဗန်းပြပြီး ဒီလိုမျိုးတွေ လုပ်တဲ့အခါ မှာ နစ်နာတာက လူငယ်တွေပဲလေ ကိုယ့်ဘဝ တက်လမ်းကလည်း ပိတ်သွားတယ်၊ ရည်မှန်းချက်တွေလည်း ပျောက်သွားတယ်၊ အနာဂတ်တွေလည်း မရှိတော့ဘူး။ တကယ်လို့ တော်လှန်ရေးကို လုပ်မယ်ဆိုရင် တော်လှန်ရေးကိုပဲ ပြတ်ပြတ်သားသား လုပ်စေချင်တယ်၊ မလုပ်ဘူးဆိုလည်း ဒီလိုမျိုးတော့ မချနင်းစေချင်ဘူးပေါ့” လို့ ပြောပါတယ်။

ကရင်နီပြည်မှာဆို ၂ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ဖြစ်စဉ်တွေက ပိုများကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကနေ သိရပါတယ်။

တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်းမှာ ဖြစ်ပေမဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူစေချင်ကြောင်း၊ တော်လှန်ရေးဦးဆောင်သူတွေနဲ့ ဒေသတွင်းအာဏာပိုင်တွေက နိုင်ငံရေးအကြောင်းပြချက်တွေမပေးဘဲ ကိုင်တွေဖြေရှင်းပေးစေလိုကြောင်း အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်၊

ဝေဝေ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013