Home
မြန်မာသတင်း
တနှစ်အတွင်း စစ်အုပ်စု လေကြောင်း၊ မြေပြင်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၀၀ ခန့် သေဆုံး
DVB
·
January 15, 2026

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း အကြမ်းဖက် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးအယောက် ၈၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုဟာ အာဏာသိမ်း ၅ နှစ်နီးပါးကာလတွေအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက် ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေဟာလည်း နေ့စဥ်နဲ့အမျှ အသက်ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

တနှစ်တာအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ဖြစ်ပြီး အမျိုးသမီး ၂၁ ယောက် သေဆုံးခဲ့ရတယ်လို့ BWU က ပြောပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းတွေအလိုက် ကြည့်မယ်ဆိုရင်တော့ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၆၂၁ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ရပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ယောက်၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ယောက်၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ယောက်၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၅ ယောက်၊ ထောင်တွင်း ဆေးဝါးကုသခွင့်မရရှိမှုကြောင့် ၃ ယောက်၊ ကျည်ထိမှန်မှုကြောင့် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တနှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဦးရေကတော့ ၈၁၅ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူက အများဆုံးဖြစ်ကာ လက်နက်ကြီး၊ မြေမြှုပ်မိုင်း၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျည်ထိမှန်မှုတွေ ပါဝင်နေတာပါ။

BWU အဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ၂၀၂၅ တနှစ်တာအတွင်း စစ်အုပ်စုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ အမျိုးသမီးတွေထဲမှာ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အနှံ့က ပါဝင်နေပြီး အဲဒီထဲမှာတော့ တိုက်ပွဲနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့က အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဒီလိုကျူးလွန်နေတဲ့ ရာဇဝတ်မှုပြစ်ဒဏ်တွေကနေ အလုံးစုံကင်းလွတ်ခွင့်ရနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အဆုံးသတ်နိုင်ဖို့၊ ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုနဲ့ ကုစားမှုတွေ အာမခံချက်ပေးခြင်းဖြင့် ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ BWU က အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုတိုက်တွန်းထားပါတယ်။

Ref: BWU

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013