Home
ဆောင်းပါး
စစ်မီးနှင့် အမျိုးသမီးများ
DVB
·
February 16, 2026

မြန်မာနိုင်ငံကြီး အမှောင်ကျနေတာ ၅ နှစ်တာကာလအထိ ရှိလာပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာအပြင် အမျိုးသမီးတွေရဲ့ ပျိုမျစ်နုနယ်မှုတွေက ဖိုဝါဒကြီးစိုးမှုတွေရဲ့အောက်မှာ တောက်လောင်နေတဲ့ မီးကို လေပင့်နေသလိုဖြစ်နေခဲ့ပါတယ်။

“မူးလာရင် ရမ်းကားတယ်၊ ထိုးကြိတ်တယ်၊ ကျမ မျက်ရည်ကျရင်ဆို သူက ဘေးနားက ရှိတဲ့ဟာနဲ့ ကောက်ပေါက်တယ်၊ ပြီးရင် ကျမ ဆံပင်ဆောင့်ဆွဲတယ်၊ စောင်တွေနဲ့ ကျမပါးစပ်ထဲ အတင်းထိုးထည့်ပြီး အသံမထွက်စေနဲ့ အဲ့လိုတွေလည်း ရှိတယ်။ ကျမသမီးအကြီးမဆို အခုထက်ထိ သူ့အဖေနားမကပ်ဘူး” လို့ သက်ပြင်းချရင်း ပြောပါတယ်။

ဒါကတော့ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲက တောင်ယာခင်းတွေထဲမှာ တောင်ယာလုပ်ရင်း ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းခဲ့တဲ့ မအက်စတာ (အမည်လွှဲ) ရဲ့ ရင်နင့်ဖွယ် သက်ပြင်းချ ပြောပြသံပဲ ဖြစ်ပါတယ်။

သူ့အတွက် စစ်ဘေးရှောင်စခန်းက ကျည်ဆန်တွေရန်က ကာကွယ်ပေးနိုင်တယ် ထင်ရပေမဲ့ အိမ်ထောင်ဦးစီးရဲ့ အိမ်တွင်းအကြမ်းဖက်မှု လက်သီးချက်တွေရဲ့ ရန်ကနေတော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး ကျပ်တည်းမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေဟာ မိသားစုတွေထဲ ဒေါသကို ဖိတ်ခေါ်နေသလို ဖြစ်လာနေတာပါ။ အလုပ်လက်မဲ့ဖြစ်မှုကို အိမ်ထောင်ဦးစီး အများစုက သေရည်နဲ့ အာသာဖြေဖျောက်ကြပြီး အကျိုးဆက်ကိုတော့ အကူအကယ်မဲ့တဲ့ အိမ်ထောင်ရှင်မနဲ့ သားသမီးတွေက ခံစားနေကြရတာပါ။

“အာဏာသိမ်းပြီးနောက်ပိုင်းဆို ပိုခံရတယ်၊ စစ်ရှောင်နေရတော့ အလုပ်အကိုင်မရှိ၊ မိသားစု စားဝတ်နေရေးအဆင်မပြေတော့ ပြဿနာမရှိ ပြဿနာရှာတယ်။ အရက်က ရက်တိုင်းသောက်တယ်၊ တနေကုန်လည်းသောက်တယ်၊ ညရောက်ရင်ဆို ပြဿနာတွေရှာတယ်” လို့ ဆို့နင့်နေတဲ့အသံနဲ့ မအက်စတာက ပြောပြပါတယ်။

သူက အသက် ၃၀ ကျော် အမျိုးသမီးတယောက်ဖြစ်ပြီး အသက် ၁၁ နှစ်နဲ့ ၁ နှစ်အရွယ် သမီး ၂ ယောက်ရယ်၊ ၆ နှစ်အရွယ် သားလေး ၁ ယောက်ရယ် ရှိပါတယ်။

သားသမီးတွေရဲ့ရှေ့မှာ မိခင်ဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ဆဲဆိုတာနဲ့ အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ အမျိုးသမီးတွေတင်မကဘဲ အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ စိတ်နှလုံးကိုပါ နက်ရှိုင်းစွာ ဒဏ်ရာရစေပါတယ်။

ဖခင်မေတ္တာကို မရရှိတာကလည်း ကလေးငယ်တွေကိ နာကျင်စေတာပါ။ သိတတ်စအရွယ် သမီးအကြီးမလေးက ဖခင်ဖြစ်သူရဲ့ လုပ်ရပ်တွေကို သိနားလည်လာပြီး စိတ်ထိခိုက်လာရတာတွေအထိ ရှိလာခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ ကလေးတွေအပေါ် ချစ်ကျင်နာမှုမရှိတာ၊ မိခင်ဖြစ်သူကို ရိုက်နှက်တာတွေကို ခံနေရတာတွေကြောင့် ဖခင်ဖြစ်သူရဲ့အနားမှာနေဖို့ကိုလည်း တွန့်ဆုတ်နေခဲ့ကြပါတယ်။

မအက်စတာက “ကျမသမီးအကြီးမ ဆို အဖေနဲ့ မနေချင်ဘူး၊ အဖေက သူများအဖေနဲ့ မတူဘူး၊ အမေ့ကိုလုပ်တယ် ပြီးတော့ သူများအဖေလို သမီးတို့ကို မချစ်ဘူး အဲ့လိုတွေလည်း သူရင်ဖွင့်လာတယ်ဆို ညအိပ်ချိန် ကလေးမျက်နှာတွေကြည့်ပြီး ကျမမျက်ရည်ကျတယ်၊ သားသမီးတွေကို ကျမတအားသနားတယ်။ ကလေးတွေ စိတ်ဒဏ်ရာရမှာလည်း စိုးရိမ်တယ်” လို့ သက်ပြင်းချရင်း ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ အလင်းရောင်အနေနဲ့ကတော့ အမျိုးသမီးအစည်းအရုံး အဖွဲ့အစည်းတွေပဲလို့ ဆိုနိုင်ပါတယ်။

မအက်စတာက အိမ်တွင်းအကြမ်းဖက်တာခံနေရတဲ့အတွက် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကနေ ကယ်ထုတ်ပေးထားပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်အောင် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတခုကို ထူထောင်ပေးထားပါတယ်။

မအက်စတာက “KNWO နဲ့ ချိတ်ဆက်မိပြီး သူတို့က ကျမကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးတယ်၊ တနိုင်တပိုင်အနေနဲ့လည်း မုန့်ဟင်းခါးဆိုင်သေးလေးဖွင့်ဖို့ အရင်းအနှီးထုတ်ပေးထားတယ်” လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတာခံထားရတဲ့ ၅ နှစ်တာကာလအတွင်း အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် ကျူးလွန်ခံရတာ၊ စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာတွေကို ကြုံတွေ့နေရပါတယ်။

စစ်ရှောင်နေရချိန် စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲတာတွေကလည်း အိမ်ထောင်ရှင်မတွေကို အိမ်တွင်း အကြမ်းဖက်ခံရမှုနှုန်းကို မြင့်တက်စေပါတယ်။

ဒီးမော့ဆိုမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်အမျိုးသမီး နောက် တယောက်က “အလှူရှင်မရှိတော့ ကျမတို့ ရှာရမယ်၊ လုပ်ကိုင်ရမယ်ဆိုတဲ့အချိန် မိသားစုထဲက အရင်ဆုံး ပြဿနာဖြစ်တာပေါ့နော်။ သားသမီး အပြစ်မရှိလည်း သားသမီးကို ရိုက်တာတွေရှိတာပေါ့နော်။ စားဝတ်နေရေး မဖူလုံတဲ့ အတွက်ကြောင့် လင်မယားလည်း ရန်ဖြစ်ပြီးတော့ အကုန်ခက်ခဲသွားတယ်” လို့ ပြောပြပါတယ်။

KNWO ရဲ့ စစ်တမ်းအရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ကရင်နီက မြို့နယ် ၇ ခုမှာ Gender Based Violence – GBV အမှုပေါင်း ၂၈၇ မှု ရှိခဲ့ပြီး အသက် ၂ နှစ်ကနေ ၇၅ နှစ်အရွယ် အမျိူးသမီးတွေအထိ ကျူးလွန်ခံရတာတွေ ရှိနေတာပါ။

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရမှုက ၉၇ မှုအထိလည်း ရှိနေပါတယ်။ အမျိုးသမီးတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်ခံနေရတာကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေက စစ်တမ်းကောက်တာ၊ အရေးယူတာတွေလုပ်ပြီး ကျူးလွန်ခံရသူတွေ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် တနိုင်တပိုင်ကူညီထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကို အိမ်ထောင်ဦးစီးဖြစ်သူက ကျူးလွန်တာများပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လင်ယောက်ျား၊ ချစ်သူ၊ ပထွေး၊ မိသားစုဝင်၊ အလုပ်ရှင်၊ သူငယ်ချင်း၊ သူစိမ်းတို့က ကျူးလွန်ကြတာလို့ စစ်တမ်းတွေက မီးမောင်းထိုးပြနေပါတယ်။

KNWO ရဲ့ ဒုဥက္ကဋ္ဌက “ကျမတို့ KNWO ကနေ အရေးပေါ် ဝန်ဆောင်မှုအနေနဲ့ လုံခြုံအိမ် (Safe House) ဝန်ဆောင်မှုပေးတာရှိတယ်ပေါ့နော်။ တဆက်တည်းမှာပဲ သူတို့လိုအပ်တဲ့ ကျန်းမာရေး၊ တရားမျှတရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကူညီပေးတာရှိသလို တခြားအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တဲ့အပိုင်းတွေရှိတယ်” လို့ ပြောပါတယ်။

ကူညီပံ့ပိုးမှုတွေရှိပေမဲ့ တနှစ်ပြီးတနှစ် အမျိုးသမီးတွေ ဖိနှိပ်ခံရမှုနှုန်းတွေ တိုးမြင့်လာတာက စိုးရိမ်စရာတခုဖြစ်နေပါတယ်။

စီးပွားရေး၊ လူမှုရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေကြားက အမျိုးသမီးတွေဟာ ဖိနှိပ်ခံရမှုတွေ ကင်းလွတ်မယ့်အချိန်ကို မျှော်လင့်ရင်းနဲ့ပဲ မပျော်ရွှင်ရခြင်းတွေကြားကနေ ရှေ့ဆက်နေကြရတာပါ။

အခုကာလမှာ အမျိုးသမီးတွေဟာ စစ်ဒဏ်အပြင် အိမ်တွင်းအကြမ်းဖက်မှုကိုပါ ခံစားလာရတာပါ။

ဖိနှိပ်မှုတွေ ကင်းစင်ပြီး တန်းတူညီမျှတဲ့ လူမှုပတ်ဝန်းကျင်တခုကို ဖန်တီးနိုင်မှသာ ဖိနှိပ်ခံအမျိုးသမီးတွေရဲ့ မျက်ရည်စတွေ ရပ်စဲသွားမှာဖြစ်ပါတယ်။

နှင်းပန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013