
ကရင်နီ (ကယား) ပြည်နယ်၊ နန်းမယ်ခုံမြို့ရဲ့ မြို့တွင်းရေတွင်းကန်တခုကနေ ဖေဖော်ဝါရီ ၁၁ ရက်က လူအရိုးစုတချို့ ဆယ်ယူရရှိခဲ့ပြီး အပိုင်းအစတွေအရ အရပ်သား ၂ ယောက်ရဲ့ အရိုးစုတွေလို့ ဒေသခံတွေက ယူဆထားပါတယ်။
ဒေသခံတယောက်က “ရေကိုတော့ စုပ်ထုတ်နေတယ်။ ရေက ဘယ်လိုမှမကုန်နိုင်ဘူး၊ ပြီးတော့ ရေတွင်းကလည်း ပြိုကျတာရှိတော့ အဲ့လောက်ပဲရတယ်။ အောက်က တအားနက်တော့ ရေပေါက်ဖြစ်နေတော့ ဘယ်လိုပဲ စုပ်ထုတ်စုပ်ထုတ် အဲဒါက မကုန်နိုင်ဘူး။ အဲ့တော့ သူတို့ကလည်း ဒီလောက်နဲ့ပဲ ပြီးအောင်လုပ်လိုက်မယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိတယ်။ ဘာလို့လဲဆို ဟိုးအောက်ထိဆင်းရင် အန္တရာယ်လည်း ရှိလို့ပေါ့နော်။ လောလောဆယ်တော့ အလောင်း ၂ လောင်းလို့ ယူဆထားပါတယ်။ ပြည်သူတွေပဲဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်က နန်းမယ်ခုံမြို့နားတဝိုက်ဟာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးကတော့ အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ နန်းမယ်ခုံဒေသကို အခြေပြုပြီး လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ စခန်းကို သိမ်းပိုက်လိုက်တာလို့ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒေသခံအများစုက တိုက်ပွဲတွေကြားမှာ ထိခိုက်သေဆုံးခဲ့ပြီး စစ်ကြောင်းကြောင့် အသတ်ခံရပြီး အလောင်းဖျောက်ခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးကြောင်း ဒေသခံတွေက ဆိုပါတယ်။


