Home
မြန်မာသတင်း
ရှမ်း-ကယားနယ်စပ်အနီး ရွာများ၌ ယားနာကူးစက်နှုန်းတိုး၊ ဆေးခန်းဖွင့်ပေးရန် တောင်းဆို
DVB
·
February 13, 2026
Photo: ဒေသခံတဦး

ကရင်နီပြည်နယ် ရှမ်း-ကယားနယ်စပ်က ရွာ ၇ ရွာမှာ ယားနာရောဂါ ကူးစက်မှုနှုန်း တိုးလာလို့ ဆေးပေးခန်းဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

ရှားတောမြို့နား ပွန်ချောင်းတကြောမှာရှိနေတဲ့ ပွန်ချောင်းကျေးရွာ၊ ဆုဖဲလောကျေးရွာ၊ လုံပုကျေးရွာ၊ တေးလဲကျေးရွာ စတဲ့ ရွာ ၄ ရွာမှာ ယားနာရောဂါ ကူးစက်မှုနှုန်း တိုးလာလို့ ဒေသခံတွေက ဆေးပေးခန်းထားပေးဖို့ တောင်းဆိုနေကြတာပါ။

လသားအရွယ်ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ကူးစက်မှုနှုန်း မြင့်တက်နေတာဖြစ်ပြီး ဆေးခန်းရှိတဲ့ ရှားတောမြို့ကို သွားဖို့ကလည်း စစ်တပ်စစ်ကြောင်းရန်နဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးခန်းသွားပြဖို့ မလွယ်ဘူးလို့ ဒေသခံတွေက ဆက်ရှင်းပြပါတယ်။

ဒေသခံတယောက်က “ဆေးပေးနိုင်မဲ့ ဆရာမတယောက်ပဲဖြစ်ဖြစ်၊ ဆရာတယောက်ပဲဖြစ်ဖြစ် ဒီရွာလေးရွာထဲက တရွာရွာမှာ (ဆေးခန်း) ထားပေးစေချင်တယ်။ တချို့ရွာတွေမှာလည်း တောက်လျှောက် ယားနာတွေက အခုထိကို ဖြစ်တာများနေသေးတယ်။ အခြေအနေတွေက ပိုဆိုးလာတယ်။ ပြီးတော့ လူနာသယ်တဲ့အခါ ပုခက်လည်း လိုနေတယ်” လို့ ပြောပါတယ်။

ရှမ်း-ကယားနယ်စပ်က ရွာတွေဖြစ်တဲ့ ဒေါမူလဲကျေးရွာ၊ ဒေါတနောကျေးရွာနဲ့ ဒေါနော်ကလုကျေးရွာ ဆိုတဲ့ ရွာ ၃ ရွာမှာလည်း ယားနာကူးစက်နေပြီး ဆေးခန်းမရှိတဲ့အတွက် ကလေးတွေကို ဆေးမြီးတိုနဲ့ ကုနေရတယ်လို့ ရွာခံတွေက ဆိုပါတယ်။

ကရင်နီပြည် ကြားကာကအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ တလတခါ ဆေးလာကုပေးတဲ့ မိုဘိုင်းဆေးခန်းရှိပေမဲ့ ထိရောက်မှုမရှိတဲ့အတွက် ဆေးခန်းဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ထားပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

လက်ရှိ ယားနာဖြစ်နေတဲ့ ရွာတွေက ကလေးတွေကို တမာပြုတ်ရည်တိုက်ပြီး ကုထားပေမဲ့ မသက်သာဘဲ ထပ်ခါထပ်ခါ ပြန်ဖြစ်နေတဲ့ အခြေအနေမှာ ရှိတယ်လို့ လေးလသားအရွယ် ယားနာဖြစ်နေတဲ့ ကလေးမိခင်တယောက်က ပြောပါတယ်။

“ဆေးခန်းမသွားနိုင်တော့ ဘာလုပ်ရလဲဆို တမာရွက်ပြုတ်ပြီးတိုက်တာ၊ လိမ်းတာတွေ လုပ်ပေးနေရတယ် ကလေးတွေကို။ သက်သာလားဆိုတော့ ပိုပိုဆိုးလာတယ်ပဲ ပြောရမှာပေါ့။ ဖြစ်ပြီးသားကလေးတွေမှာ ထပ်ဖြစ်တယ်၊ ရွာလုံးကျွတ်ကို ဖြစ်နေတာ။”

ဆေးခန်းရှိနေတဲ့ ရှားတောမြို့မှာလည်း ရွာလုံးကျွတ် ယားနာကူးစက်မှုတွေ ဖြစ်နေတဲ့အတွက် ယားနာနဲ့ ပတ်သက်တဲ့ ဆေးတွေ ထောက်ပံ့ပေးဖို့ ရှားတော ကျန်းမာရေးဌာနက အကူအညီ တောင်းခံနေပါတယ်။

ကရင်နီပြည်နယ်ဟာ ဖေဖော်ဝါရီလကစပြီး မိုးရာသီ မရောက်မချင်း ရေပြတ်တဲ့ဒဏ်ကို ခံရပြီး နောက်ဆက်တွဲအနေနဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာ ရောဂါတွေကို ခံစားရတာဖြစ်ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013