မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ အဓိကကျတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေအတွက် ဘတ်ဂျက်ခွဲဝေမှုတွေဟာ ထက်ဝက်ခန့်အထိ လျော့ကျသွားခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်တွေကတော့ နှစ်စဉ်နဲ့အမျှ မြင့်တက်လာနေကြောင်း ကိန်းဂဏန်း အချက်အလက်တွေအရ သိရှိရပါတယ်။
ကျန်းမာရေးကဏ္ဍမှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က GDP ရဲ့ ၄ ရာခိုင်နှုန်းအထိ အသုံးပြုခဲ့ပေမဲ့ ၂၀၂၂-၂၃ မှာ ၂ ရာခိုင်နှုန်းခန့်သာ ရှိတော့တာကြောင့် ထက်ဝက်ခန့် လျော့ကျသွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်း အင်အားစုမှာလည်း ၂၀၁၉ ခုနဲ့ နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်မှာ သုံးပုံတပုံခန့်အထိ လျော့နည်းသွားခဲ့ပါတယ်။
နိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း (၁၄ ဒသမ ၃ သန်း) ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ပညာရေးအသုံးစရိတ်ဟာလည်း ၂၀၂၄-၂၅ ခုမှာ ၂၀၂၁ ခု မတိုင်မီကာလထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ဟာ နိုင်ငံတော်အသုံးစရိတ်ရဲ့ ၁၂ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာချိန် ကျန်းမာရေးနဲ့ ပညာရေး နှစ်ခုပေါင်း အသုံးစရိတ်မှာ ၇ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
ပဋိပက္ခတွေကြောင့် အရင်က လုံခြုံရေးအခြေအနေအရ ကျောင်းထွက်ကြပေမဲ့ ၂၀၂၄ ခုမှာတော့ “မိသားစုဝင်ငွေမလုံလောက်မှု” (၄၁ ရာခိုင်နှုန်း) ဟာ ကျောင်းထွက်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ ဘတ်ဂျက်ခွဲဝေမှုတွေမှာ ကာကွယ်ရေးကဏ္ဍကို ဦးစားပေးနေတာကြောင့် ပြည်သူလူထုအတွက် အရေးပါတဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေ အဘက်ဘက်က ယိုယွင်းပျက်စီးနေကြောင်း ပုံပါအချက်အလက်တွေက ဖော်ပြနေပါတယ်။




