
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ နီပါးဗိုင်းရပ်စ် ပြန့်ပွားနေတာနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ စိုးရိမ်မှုတွေ မြင့်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အနောက်ဘန်ဂေါမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်က လူ ၂ ယောက် သေဆုံးပြီးနောက် အိန္ဒိအရှေ့ပိုင်းမြို့ဖြစ်တဲ့ ကိုလ်ကတ္တားရှိ ဒေသခံတွေရဲ့ စိုးရိမ်စိတ် မြင့်တက်လာတာပါ။
နီပါးဗိုင်းရပ်စ်ကို လင်းနို့နဲ့ ဝက်လိုမျိုး တိရစ္ဆာန်တွေက သယ်ဆောင်တာဖြစ်ပြီး အဖျားရောဂါနဲ့ ဦးနှောက်ရောင်ရမ်းတာမျိုး ဖြစ်ပွားကာ သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နီပါးဗိုင်းရပ်စ်ဟာ လူတယောက်ကနေ တယောက်ကိုလည်း ကူးစက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
လူ လူချင်း ကူးစက်ဖို့ အရမ်းမလွယ်ပေမဲ့ ရောဂါရှိသူနဲ့ ထိတွေ့မှုကြာရင် ကူးစက်နိုင်တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် တွေ့ရှိတယ်လို့ ဒီဇင်ဘာလက အတည်ပြုခဲ့တာပါ။ ကူးစက်မှုနည်းတဲ့ နီပါးဗိုင်းရပ်စ် ဖြစ်ပွားတာမျိုး တွေ့ရှိတာကလည်း အရမ်းမထူးဆန်းကြောင်းနဲ့ ပြည်သူလူထုကို ကူးစက်မှုနှုန်း နည်းနိုင်တယ်လို့ ဆရာဝန်တွေက ဆိုထားပါတယ်။
နီပါးဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ရရှိအောင် ကြိုးစားနေပေမဲ့ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ ၂၀၀၇ ခုနှစ်တုန်းကလည်း နီပါးဗိုင်းရပ်စ်ကြောင့် လူ ၅ ယောက် သေဆုံးခဲ့ဖူးသလို နှစ် ၂၀ အတွင်း ဒုတိယအကြိမ် ရောဂါတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နီပါးဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အိန္ဒိယနဲ့ လေကြောင်းအဆက်အသွယ်ရှိတဲ့ အာရှနိုင်ငံတချို့ကလည်း လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။
Source: Reuters


