
ထိုင်း-မြန်မာ နှစ်ရှည်ဒုက္ခသည်စခန်းတွင်း ကျောင်းနေအရွယ် ကလေးအရေအတွက်တွေ တိုးလာနေပြီး နိုင်ငံတကာအကူအညီတွေ လျော့နည်းလာချိန် စခန်းတွင်းက ကလေးငယ်တွေဟာ စခန်းပြင်ပထွက်ပြီး ပညာသင်ကြားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
တရားဝင် မှတ်ပုံတင်အထောက်အထား မရှိလည်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ ကလေးငယ်တွေအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိမှာဖြစ်တယ်လို့ ထိုင်းတော်ဝင်ပြန်တမ်းက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေ အားလုံးအတွက် အကျုံးဝင်တာလည်း ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲက ကလေးငယ်တွေအနေနဲ့ စခန်းပြင်ပမှာ ကျောင်းတက်ခွင့်ရဖို့ အခွင့်အရေးတရပ်လည်း ဖြစ်လာပါတယ်။
ဒီလို စခန်းပြင်ပမှာ ကျောင်းတက်ခွင့်ရဖို့ ဘာကြောင့်မျှော်လင့်ကြတာပါလဲ။ ဒီ နှစ်ရှည်ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်ဆိုင်းလိုက်တဲ့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်ဆိုင်းသွားခဲ့ရတာကြောင့် စခန်းတွင်းနေထိုင်သူတွေဟာ မိမိရှင်သန်ရပ်တည်ရေးအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို လိုလားခဲ့တာပါ။
ဒီလို အကူအညီတွေ လိုအပ်နေတဲ့အတွက် ထိုင်းအစိုးရက ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ဖို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အုန်းဖြန်စခန်းကော်မတီ ဒုတိယဥက္ကဌ စောနီဒို့ ကတော့ မိသားစုလိုက် အပြင်ထွက် အလုပ်လုပ်ခွင့်နဲ့ ကလေးငယ်တွေ စခန်းပြင်ပက ထိုင်းကျောင်းတွေမှာ ပညာသင်ကြားခွင့်တွေကို စခန်းနေလူထုက လိုလားနေကြတယ်လို့ ဆိုပါတယ်။
“တကယ်လို့ အဲဒီအခွင့်အရေးတခုသာ ပေါ်လာမယ်ဆိုရင်တော့ မိသားစုလိုက် အပြင်ထွက်ခွင့် အလုပ်လုပ်ခွင့်ရရင်တော့ သွားမဲ့မိသားစု ရှိတယ်။ နောက်ပြီးတော့ အဲဒီ သွားတဲ့အထဲက သူတို့ရဲ့ သားသမီးတွေကတော့ အပြင်မှာပဲ ပညာဆည်းပူးတဲ့ အခွင့်အလမ်း ဘာညာ ရှိခဲ့ရင်တော့ သူတို့လည်း အဲဒီလို တက်ခွင့်ရရင်တော့ အဲဒီလိုတက်မဲ့ အနေအထားတော့ ရှိတာပေါ့နော်။”
အဘက်ဘက်က အကျပ်အတည်းတွေကြောင့် မိသားစုတခုမှာ တယောက်တည်း အလုပ်လုပ်တာက မလုံလောက်တာကြောင့် ဇနီးသည်တွေလည်း စခန်းအပြင်ထွက်ပြီး အလုပ်လုပ်လိုကြသလို မိမိတို့ရဲ့ ကလေးငယ်တွေကိုပါ တပါတည်း လိုက်လာပြီး စခန်းပြင်ပမှာ ကျောင်းတက်ခွင့်ရနိုင်ဖို့ကို မျှော်လင့်နေကြတာလို့ အုန်းဖြန်စခန်းမှာ နေထိုင်တဲ့ မအဲအဲက ဆိုပါတယ်။
“အခု တချို့တွေက ကျမကို ပြောတယ်၊ တချို့တွေက အခု အပြင်မှာ အလုပ်သွားလုပ်လိုက်တဲ့ အမျိုးသားတွေ၊ တကယ်လို့ သားသမီးတွေက ဒီမှာ ကျန်တယ်၊ တကယ်လို့ သွားလို့ရရင်ပေါ့နော် သူတို့ သွားချင်တယ်။ တကယ်လို့ ထိုင်းမှာ သူတို့ ကျောင်းသွားနေရရင် သူတို့အတွက် အဆင်ပြေမယ်လို့ပဲ ပြောကြတယ်ပေါ့နော်။ အဲဒါမျိုး အခွင့်အရေး ရမလားလို့ပေါ့၊ မိသားစုတွေအတွက် အဆင်ပြေတာပေါ့နော်။”
မအဲအဲရဲ့ အမျိုးသားဖြစ်သူကတော့ စခန်းပြင်ပမှာ ထွက်အလုပ်လုပ်နေပြီး ကလေးငယ်တွေကြောင့် မအဲအဲကတော့ စခန်းတွင်းမှာ နေခဲ့ရတာလည်း ဖြစ်ပါတယ်။
မိသားစုအတွက် မိဘနှစ်ယောက်စလုံး အလုပ်လုပ်နိုင်ရင် ပိုအဆင်ပြေမှာလို့လည်း သူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မွေးစာရင်းမရှိတဲ့ ကလေးငယ်တွေ၊ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အထောက်အထားမဲ့ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာသင်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတာပါ။
စခန်းတွင်းမှာ ရွှေ့ပြောင်းပညာရေးစင်တာတွေ၊ ကရင်ဒုက္ခသည်ကော်မတီ ပညာရေး အဖွဲ့အစည်းတွေကနေ ပညာသင်ကြားပေးနေပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းလိုက်မှုကြောင့် ပညာရေးနဲ့ ပတ်သက်ပြီးလည်း အကူအညီတွေ လျော့နည်းလာနေပြီလို့ ကရင်နီဒုက္ခသည်စခန်းက တာဝန်ရှိသူတယောက်က ဆိုပါတယ်။
“ကျနော်တို့ ဒီ ပညာရေးအပိုင်း ဝန်ဆောင်မှုကလည်း လျော့ကျလာပြီလေ။ အန်ဂျီအိုတွေကလည်း တဖြည်းဖြည်း လျော့လာပြီဆိုတော့ ဒီ နိုင်ငံခြားမထွက်နိုင်တဲ့ မိဘပြည်သူတွေကတော့ ထိုင်းကျောင်းကိုပဲ ဆက်လက်ပြီးတော့ အားကိုးရမှာပေါ့နော်။”
ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေအတွက် ထိုင်းပြည်ထဲရေးရဲ့ အုပ်ချုပ်ရေးဌာနကတဆင့် ကိုယ်ပိုင်နံပါတ် ၁၃ လုံးပါတဲ့ သီးသန့်ကတ် ထုတ်ပေးဖို့ အစီအစဉ်ကို ထိုင်းဘက်က အတည်ပြုထားပြီးပြီ ဖြစ်သလို မိဘတွေ ရွှေ့ပြောင်းလုပ်ကိုင်တဲ့ ခရိုင်၊ နေရာဒေသမှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းဝင်ခွင့်တွေရနိုင်ဖို့ ၂၀၂၆ အတွင်းမှာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းက ကျောင်းသားအရေအတွက် တိုးပွားလာနေပြီး နိုင်ငံတကာအကူအညီတွေ လျော့နည်းလာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ Save the Children အဖွဲ့က အစီရင်ခံစာတရပ်ကို ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒုက္ခသည်စခန်း ၉ ခုရဲ့ လူဦးရေ သုံးပုံတပုံ ဒါမှမဟုတ် ၃၀ ရာခိုင်နှုန်းဟာ ကျောင်းနေအရွယ် ကလေးတွေ ဖြစ်ကြပြီး ကျောင်းသားအရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ၁၈,၀၀၀ ခန့် ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကြောင့် ၂၀၂၅ ခုနှစ်မှာ ၂၄,၀၀၀ ခန့်အထိ တိုးလာခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။
မြတ်သဇင်


