Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၅ နှစ်ပြည့် ဆန့်ကျင်ရှုတ်ချဆန္ဒပြပွဲ ဘာလင်ရှိ မြန်မာစစ်သံရုံးရှေ့တွင် ပြုလုပ်
DVB
·
January 31, 2026

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အ​ရေး စိတ်ဝင်စားတဲ့ အဖွဲ့စည်းအသီးသီးက ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆန္ဒပြပွဲကို For Federal Myanmar Berlin Group နဲ့ ဂျာမနီက ဂျာမန်လူမျိုးတွေဦးဆောင်ဖွဲ့ထားတဲ့  German Solidarität for Myanmar (GSM) အသင်းနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။  

ရာသီဥတု အပူချိန်က အနုတ် ဒီဂရီ အောက်ရောက်ရှိအေးခဲနေပြီး ဆိုးရွားနေတဲ့ ဆောင်းနှင်းထုအောက်မှာ ပြုလုပ်နေတဲ့ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ဖို့ ဂျာမဏီနိုင်ငံ ပြည်နယ်အသီးသီးကနေ အထူးတလည်လာရောက်ပူးပေါင်းကြသူတွေလည်းရှိပြီး စုစုပေါင်း လူဦးရေ ၁၀၀ ဝန်းကျင်နဲ့ ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဆန္ဒပြသူတွေအနေနဲ့ မြန်မာစစ်သံရုံးရှေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုယောင် ​ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးဖို့ အပါအဝင် စစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ထိ​ရောက်စွာ အရေးယူပေးဖို့ စတဲ့ ကြွေးကြော်သံတွေ နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အဖွဲ့စည်းအသီးသီးက တာဝန်ရှိသူတွေက စစ်အာဏာရှင်ဆန့်ကျင်​ရေး ဟောပြောတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ပွဲနည်းလမ်းအရ တက်လာတဲ့ အရပ်သားအစိုးရကို အင်အားသုံး ဖယ်ရှား ဖမ်းဆီးထောင်ချပြီး ၁ နှစ်ပဲ အာဏာထိန်းမယ်လို့ ကတိကဝတ်ပြုခဲ့ပေမဲ့ လက်ရှိ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာတော့ အာဏာသိမ်းပိုက်ထားတာ ၅ နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013