
စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာလာတဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေဟာ စစ်ရေးပဋိပက္ခနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို အများဆုံးခံနေရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၅ တနှစ်တည်းမှာပဲ နေရပ်စွန့်ခွာရတဲ့ဒုက္ခသည် ဦးရေ ၅၄,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးဦးရေက ၃၁,၀၀၀ ကျော်အထိ ပါဝင်နေပါတယ်။
ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာရတာပိုများပြီး နယ်စပ်ဒေသတွေမှာလည်း အမျိုးသမီးနဲ့ ကလေးတွေဟာ အန္တရာယ်တွေအများကြီး ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း ကျား၊မ အခြေပြု အကြမ်းဖက်မှု ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက ၁၄၅ မှုအထိ ပါဝင်နေပါတယ်။
လူကုန်ကူးမှုနဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းမှုတွေကလည်း ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
WLB ကတော့ ဒီလိုအခြေအနေတွေဟာ စစ်အာဏာသိမ်းမှုနဲ့အတူ တရားဥပဒေစိုးမိုးမှု ပြိုလဲသွားတာကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ကြိုးပမ်းမှုတွေဟာ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
Photo : Women Alliance Burma


