Home
နိုင်ငံတကာ
တူရကီရဲတပ်ဖွဲ့က အိုင်အက်စ် အကြမ်းဖက်သံသယရှိသူ ၃၅၇ ဦးကို ဖမ်းဆီး
DVB
·
December 31, 2025
Photo: TURKISH INTERIOR MINISTRY

တူရကီရဲတပ်ဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ နိုင်ငံတဝန်း စစ်ဆင်ရေးအဖြစ် ပြည်နယ် ၂၁ ခုမှာ စီးနင်းမှုတွေလုပ်ခဲ့တာမှာ သံသယရှိသူ ၃၅၇ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလိကာယာက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

တူရကီအနောက်မြောက်ပိုင်းက သေနတ်ပစ်ခတ်မှုတခုအတွင်း ရဲအရာရှိ ၃ ယောက်နဲ့ စစ်သွေးကြွ ၆ ယောက် သေဆုံးခဲ့ပြီး နောက်တရက်အကြာမှာ အခုလို ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အစောပိုင်းမှာ အစ္စတန်ဘူလ် ရှေ့နေရုံးက ရဲတွေဟာ အစ္စတန်ဘူလ်နဲ့ တခြားပြည်နယ် ၂ ခုရှိ နေရာ ၁၁၄ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ စာရွက်စာတမ်းအမျိုးမျိုးကို သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က အစ္စတန်ဘူလ်တောင်ဘက် မာမာရာပင်လယ်ကမ်းရိုးတန်းရှိ ယာလိုဗာမြို့ နေအိမ်တလုံးမှာ ၈ နာရီကြာ ဝိုင်းရံတိုက်ခိုက်မှုတခုအတွင်း ရဲတွေဟာ စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ကြံစည်မှုတွေနဲ့ ဆက်စပ်ပြီး အိုက်အက်စ် အဖွဲ့ဝင်လို့ သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တပတ်အကြာမှာ ဖြစ်ပါတယ်။

တနင်္လာနေ့က အာဏာပိုင်တွေ ပစ်မှတ်ထားခဲ့တဲ့ နေရာ ၁၀၀ ကျော်ထဲက တခုဖြစ်တဲ့ အဲဒီအိမ်ရာကို ဝင်ရောက်စီးနင်းမှုအတွင်း ရဲအရာရှိ ၈ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013