Home
မြန်မာသတင်း
အကြမ်းဖက်မှုများရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဂျပန် တောင်းဆို
ဇော်ဇော်လှိုင်
·
October 2, 2025

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့  ဒီမိုကရေစီစနစ် ထူထောင်ဖို့  ဂျပန် အစိုးရက  တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက် နေ့လယ် ၂ နာရီလောက်က တိုကျိုမြို့မှာ  ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တာကုမမီယဂျိဟာ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂအဖွဲ့ အကြံပေးပုဂ္ဂိုလ်မိဇုဟိုဖူကူရှီမ၊ ဥက္ကဋ္ဌ ရှိုအိချိခွန်းဒိုနဲ့ အထွေထွေအတွင်းရေးမှူးချုပ် မီချီဟီရိုအီရှိဘရှီတို့ အပါအဝင် မြန်မာအရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုစာပေးအပ်မှုကို လက်ခံ တွေ့ဆုံခဲ့ပြီးနောက် ဂျပန်အစိုးရရဲ့ သဘောထား​ရပ်တည်ချက်ကို ပြောကြားလိုက်တာပါ။

ဒုနိုင်ငံခြားရေးဝန်ကြီး မီယဂျိက ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပွားနေတာတဲ့အပေါ် အလေးအနက် စိုးရိမ်နေကြောင်း ပြောကြားခဲ့ပြီး မြန်မာ အာဏာသိမ်းစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်ဖို့ ဂျပန်အစိုးရအနေနဲ့ ဆက်လက် တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေကို တိုက်ရိုက်အကျိုးပြုမမယ့် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပေးဆောင်သွားမှာ ဖြစ်ပြီး၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းပြီး  မြန်မာ့အရေးကို ဖြေရှင်းဖို့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဂျပန်အမတ်များအဖွဲ့နဲ့  နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက်  ဒု၀န်ကြီး က ပြောကြားခဲ့ပါတယ်။

ဂျပန်လွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂအဖွဲ့ဟာ  စက်တင်ဘာ ၃၀ ရက်က ကျင်းပတဲ့ အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်အထွေထွေ ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ  ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားကောင်းလာစေဖို့ ဂျပန်အစိုးရအား တောင်းဆိုချက်တွေကို ရေးသားထားတဲ့ ပူးတွဲတောင်းဆိုစာကို ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီးထံ ပေးအပ်ခဲ့ပါတယ်။

ဦးစောဘလှသိန်းက “တောင်းဆိုစာထဲမှာတော့ စစ်တပ်အဏာသိမ်းခဲ့ချိန်ကစလို့ အခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်ကျုးလွန်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းမှ ဗုဲးကြဲတိုက်ခိုက်နေတာတွေကို အကိုးအကားတွေနဲ့တကွ  သက်ဆိုင်ရာ အကြောင်းအရာတွေကို တိကျ ပြတ်သားစွာ ထည့်သွင်းရေးသားထားပြီး ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့ စစ်ကော်မရှင်ရဲ့  တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဖို့တွေ ပါဝင်ပါတယ်"လို့ တောင်းဆိုစာနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အသက်ကြီးရင့်နေပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို  ပြန်မလွှတ်ဘဲ စစ်ရာဇဝတ်မှု ကျုးလွန်တာတွ မရပ်တန့်ဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ အဓိပ္ပါယ်ရှိဘူးလို့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကြေညာချက်တုန်ပြန်ရာမှာလည်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအအဝင် မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီစနစ်ကို အမြန်ပြန်လည်ထူထောင်ဖို့နဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ဂျပန်အစိုးရက အတိအလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013