Home
မြန်မာသတင်း
မြန်မာနိုင်ငံထဲက ဆိုးရွားသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ကုလအကြီးအကဲ တောင်းဆို
DVB
·
October 28, 2025
Photo :Reuters

၂၀၂၁ ခုနှစ်ကစပြီး လူထုအပေါ် ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး အရပ်သားအစိုးရဆီ ပြန်သွားဖို့ ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်း ကို ရှာဖွေရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အကြီးအကဲက ပြောခဲ့တာပါ။

စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံအပေါ် ကပ်ဘေးတွေကို ထပ်ဆင့်ကျရောက်စေရုံသာမက ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။

ပြည်တွင်းစစ် ပြင်းထန်နေပေမဲ့ အခုနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲကတဆင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်ရောက်စေဖို့ ရည်ရွယ်ထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ပြောခဲ့ပေမဲ့ မဲပေးမှုရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ခဲ့ပြီး ကိုယ်စားလှယ်တွေကတဆင့် စစ်ကောင်စီက အာဏာဆက်ရှိနေလိမ့်မယ်လို့ ဝေဖန်သူတွေက ထင်ကြေးပေးနေကြပါတယ်။

ရွေးကောက်ပွဲအကြောင်း မေးမြန်းရာမှာ သူက “ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူကမှ မယုံကြဘူးလို့ ကျနော်ထင်ပါတယ်” လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

ရွေးကောက်ပွဲအစား  အခက်အခဲဒုက္ခတွေ ကြုံတွေ့ခံစားနေရတဲ့ ပြည်သူလူထုတွေကို အကူအညီတွေ တိုးမြှင့်ပေးရေး အာရုံစိုက်လုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ရန်လိုမှုတွေကို အဆုံးသတ်ပြီး ဆွေးနွေးပွဲတွေစဖို့ ၂၀၂၁ ခုနှစ်မှာ အာဆီယံက ရေးဆွဲခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း စစ်ကောင်စီက  အကောင်အထည်မဖော်ဘဲ လျစ်လျူရှုထားပေမဲ့ ဂူတာရက်စ်က ထောက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူပေါင်း ၃ သန်းခွဲလောက် နေရပ်စွန့်ခွာထွက်ပြေး နေကြရတာဖြစ်ပြီး အကျဉ်းထောင်တွေထဲမှလည်း  နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013