Home
မြန်မာသတင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ
DVB
·
August 29, 2025
Photo: KNU

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် အာဏာသိမ်း စစ်တပ်က သြဂုတ် ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အဖွဲ့ဝင်တွေ၊ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အဖွဲ့အ စည်းတွေနဲ့ ဆက်နွှယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်ယူဆတယ်ဆိုကာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်းအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် နိုင်ငံတော်ယာယီသမ္မတရဲ့ အမိန့်အရ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၆ အရ KNU နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(၂)နဲ့အညီ မတရားအသင်းအဖြစ် ကြေညာ ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ KNU ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်းလည်း ထုတ်ပြန်ပါတယ်။

KNU အနေနဲ့ လမ်း၊ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာ၊ မြို့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ Drop Bomb တွေ ချတိုက်ခိုက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာ၊ အတင်းအဓမ္မလူသစ်စုဆောင်းတာ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းနဲ့ အသုံးအဆောင်တွေကို ဖျက်ဆီးတာ စတဲ့ လုပ်ရပ်တွေကို နိုင်ငံအတွင်း အခြေပြုကာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် မှာ စစ်တပ်အာဏာသိမ်းပြီးနောက်  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း စစ်ကောင်စီကို အကြမ်းဖက် စစ်ကောင်စီ အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေနဲ့ပတ်သက်ပြီး အမြဲလိုလို ထုတ်ပြန်ပြောဆိုတာရှိပါတယ်။  

ဒါ့အပြင် စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ကရင်အမျိုးသားလူထု၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ ကရင်နိုင်ငံ‌ရေးအင်အားစု အပါအဝင် နိုင်ငံရေးပါတီနဲ့ ပြည်သူတရပ်လုံးက အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့  ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ KNU ဟာ ခေတ်အဆက်ဆက် တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ကူညီပေးခဲ့ပြီး လက်ရှိမှာ ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်း အားလုံးနီးပါးကို သိမ်းယူထားပါတယ်။

KNU ကို အရင် စစ်အစိုးရတွေလက်ထက်ကလည်း မတရားအသင်းကြေညာခဲ့ဖူးပြီး  NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ရက်ပိုင်းအလို ၂၀၁၅ ခုနှစ် အောက်တိုဘာလကမှ ကြံ့ခိုင်ရေးပါတီ အစိုးရက မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။ 

Photo: KNU

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013