Home
မြန်မာသတင်း
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းမှ စစ်ကောင်စီတပ် ထွက်ပြေး
DVB
·
August 18, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊​ တမိုင်းတောင်စခန်းကုန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုကြောင့် စစ်သားအားလုံး ထွက်ပြေးသွားပြီး သြဂုတ် ၁၇ ရက် ညပိုင်းလောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ပုလောမြို့နယ်၊ ​စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်း တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း ၇၊ တပ်ခွဲ ၁ နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အထူးတပ်ဖွဲ့တို့က တလအတွင်း ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ စခန်းစွန့် ထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၄ ကနေ သိရပါတယ်။

KNLA အထူးတပ်ဖွဲ့ရဲ့ ရဲဘော်တယောက်က “မနေ့မှာ KNU ရဲ့ တပ်ပေါင်းစုတွေက တမိုင်းတောင်စခန်းကုန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်။ ရန်သူဘက်က ဘာမှမတုံ့ပြန်တော့ ရဲဘော်တွေ တောင်ပေါ်တိုးတက်ချိန်မှာ စကစတပ်သားတွေ ထွက်ပြေးကုန်ပြီ” လို့ ပြောပါတယ်။

တမိုင်းတောင်စခန်းကုန်း အခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တမိုင်းတောင်စခန်းကုန်းဟာ စစ်ကောင်စီရဲ့ ပုလောကုန်းနဲ့ နတ်အိမ်တောင်စခန်းတို့ကို ရှေ့ပွိုင့်ယူပြီး နောက်မှာ အထိုင်စခန်းအနေနဲ့ အာဏာစသိမ်းကတည်းက ရှိနေတာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တမိုင်းတောင်စခန်းကုန်းကို KNU တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်ထားတယ်လို့ KNU တပ်မဟာ ၄ ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013