
ယူကရိန်းတပ်ဖွဲ့တွေရဲ့ မိုဘိုင်းလ် “ဒရုန်းမုဆိုး”အဖွဲ့တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်က အရှေ့ပိုင်း ကော့စ်တီးယန်းတီနစ်ဗ်ကာမြို့အနီးရှိ အရေးကြီး ထောက်ပို့လမ်းကြောင်းတွေကို ကင်းလှည့်နေကြပါတယ်။
ဒွန်းနက်စ်ခ် စက်မှုဇုန်ဒေသအတွင်းရှိ အဲဒီမြို့ကို ရန်သူ ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ ထိုးစစ်တစိတ်တပိုင်းအဖြစ် ဖမ်းဆီးသိမ်းယူဖို့ ကြိုးပမ်းပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့နေရာလည်း ဖြစ်ပါတယ်။
ယူကရိန်း အမှတ် ၉၃ စက်မှုတပ်မဟာက စစ်သည်တွေဟာ သူတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ရုရှားဒရုန်းတွေ ရန်ကနေ ကာကွယ်ဖို့ နေ့ညမပြတ် ကင်းလှည့်နေကြတာပါ။
ဒီမိုဘိုင်းအဖွဲ့တွေဟာ စက်သေနတ်တွေနဲ့ အမဲလိုက်သေနတ်တွေကို အဓိကအသုံးပြုပြီး အရွယ်အစားသေးငယ်တဲ့ FPV ဒရုန်းတွေကနေ အဝေးထိန်း ရှာဟတ်ဒ် ဒရုန်းကြီးတွေအထိ ပစ်ချဖို့ ကြိုးစားနေကြပါတယ်။
“မရိန်း” အမည်ရှိ ယူကရိန်းစစ်သားတစ်ဦးက ရေဒီယိုထိန်းချုပ် FPV ဒရုန်းတစီးကို ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မထိခိုက်နိုင်ခဲ့ဘူး လို့ပြောပါတယ်။
တနာရီအတွင်း ဒရုန်း ၅၄ စီးထိ ဆက်တိုက် ဝင်ရောက်ပျံသန်းကာ ပစ်ခတ်တိုက်ခိုက်တဲ့ “carousel” ပုံစံ အဝိုင်းလည်ရင်း တိုက်ခိုက်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒရုန်း ၃ စီးက အပေါ်မှာ ဝဲနေချိန်၊ တစီးက ဝင်တိုက်ပြီး နောက်ထပ် တစီးက အစားထိုး ဝင်ရောက်လာတဲ့ နည်းလမ်းနဲ့ သူတို့ကို လုံးဝ အပြင်ထွက်မရအောင် ပိတ်ဆို့ထားခဲ့တာလို့ ရှင်းပြပါတယ်။
ဒို့ခ် အမည်ရှိ နောက်ထပ်စစ်သည်တယောက် ကလည်း လမ်းကြောင်းတွေပေါ်မှာ ဒရုန်းကြောင့် ပျက်စီးသွားတဲ့ စစ်ကားတွေနဲ့ ဒဏ်ရာရသူတွေ အများကြီးရှိနေပြီး၊ ဒီအန္တရာယ်ကို တားဆီးဖို့အတွက် လေကြောင်းရန် ကာကွယ်ရေးနဲ့ တင့်ကားဖျက် တပ်ဖွဲ့ဝင်ဟောင်းတွေပါ ဒရုန်းပစ်ချတဲ့ မိုဘိုင်းအဖွဲ့တွေအဖြစ် ပြန်လည်လေ့ကျင့် ပြောင်းလဲတာဝန်ထမ်းဆောင်နေရတယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကော့စ်တီးယန်း တီနစ်ဗ်ကာ မြို့ကို ၃ ဖက်လုံးမှ ချဉ်းကပ် ချီတက်လာနေပြီး ဘက်ပေါင်းစုံ ကနေ ပိတ်ဆို့ဖို့ ကြိုးစားနေတာပါ။
အဲ့ဒီကနေမှ မြောက်ပိုင်းရှိ “ခံတပ်မြို့တွေ”ကို ဆက်လက်တိုက်ခိုက်ဖို့ အခြေခံနေရာတခုအဖြစ် သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။
ဒွန်းနက်စ်ခ် ဒေသဟာ စစ်ပွဲကို အဆုံးသတ်စေချင်နေတဲ့ အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အဓိက အချက်အချာနေရာမှာ ရှိနေပါတယ်။
လက်ရှိမှာ ရုရှားတပ်တွေဟာ ကော့စ်တီးယန်းတီနစ်ဗ်ကာ မြို့ကို ဒွန်းနက်စ်ဒေသရဲ့ ကျန်ရှိနေတဲ့ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။
Source: Reuters


