
အမေရိကန်စွမ်းအင်နဲ့ ကာကွယ်ရေးဌာနတွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ယူတာပြည်နယ်ဆီ ကုန်တင်လေယာဉ်နဲ့ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတခုကို ပထမဆုံးအကြိမ် သယ်ယူပို့ဆောင်ခဲ့ပါတယ်။
စစ်ဘက်နဲ့ အရပ်ဘက်မှာသုံးဖို့ နျူကလီးယားစွမ်းအင်ကို အမြန်ဖြန့်ကြက်ဖို့ အလားအလာကို ပြသနိုင်ခဲ့တာပါ။
အေဂျင်စီတွေက ကယ်လီဖိုးနီးယားအခြေစိုက် Valar Atomics နဲ့ ပူးပေါင်းပြီး ကုမ္ပဏီရဲ့ Ward မိုက်ခရိုဓာတ်ပေါင်းဖိုတွေထဲက တခုကို နျူကလီးယားလောင်စာမပါဘဲ C-17 လေယာဉ်နဲ့သယ်ပြီး ယူတာပြည်နယ်က ဟီးလ် လေတပ်စခန်းဆီ ပျံသန်းခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီး ခရစ်စ်ရိုက်ထ်၊ ဝယ်ယူရေးနဲ့ ထိန်းသိမ်းရေးဆိုင်ရာ ကာကွယ်ရေးဌာန လက်ထောက်အတွင်းရေးမှူး မိုက်ကယ်ဒက်ဖီတို့က ဓာတ်ပေါင်းဖိုနဲ့ အစိတ်အပိုင်းတွေနဲ့အတူ C-17 လေယာဉ်ပေါ်မှာ ရှိနေခဲ့ပြီး ဒီဖြစ်ရပ်ကို အမေရိကန် နျူကလီးယားစွမ်းအင်နဲ့ စစ်ဘက်ထောက်ပံ့ ပို့ဆောင်ရေးအတွက် တိုးတက်မှုတခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က အမေရိကန် စွမ်းအင်ထုတ်လုပ်မှုကို တိုးချဲ့ဖို့ နည်းလမ်းတွေ အများကြီးထဲက တခုအဖြစ် နျူကလီးယားဓာတ်ပေါင်းဖိုအငယ်တွေကို ရှုမြင်ထားပါတယ်။
ပြီးခဲ့တဲ့ မေလမှာ ထရမ့်ပ်ဟာ အမျိုးသားလုံခြုံရေးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဉာဏ်ရည်တု AI တိုးတက်မှုတွေအတွက် စွမ်းအင်လိုအပ်ချက် တိုးပွားလာမှုကို ဖြည့်ဆည်းဖို့ ပြည်တွင်း နျူကလီးယား ဖြန့်ကြက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အမိန့် ၄ ရပ် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


