
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသား အမည်ခံ နိုင်ငံခြားကုမ္ပဏီတွေကို တင်းကျပ်စွာ စစ်ဆေးမယ်လို့ ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနက ထုတ်ပြန်ပြီးတဲ့နောက် ရာ့ချ်ပူရီခရိုင်ကကုမ္ပဏီတွေကို ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့မညီတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ DBD၊ ဗဟိုရဲတပ်ဖွဲ့ CIB နဲ့ တာဝန်ရှိသူတွေဟာ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်ရှိ အုန်းသီး စက်ရုံလုပ်ငန်း ၈ နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီ ၈ ခုအနက် ၂ ခုသာလျှင် ဥပဒနဲ့ညီညွတ်ပြီး ကျန်တဲ့ ၆ ခုမှာ ထိုင်းလူမျိုး အမည်ခံထားပေမဲ့ တရုတ်နိုင်ငံသားလုပ်ငန်းရှင်ကသာ ချုပ်ကိုင်စီမံထားတာကို စစ်ဆေးတွေ့ရှိတယ်။
ဒါကြောင့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံသား ၁၀ ယောက်၊ တရုတ်နိုင်ငံသား ၇ ယောက်တို့ကို ရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်စာထုတ်ထားတယ်လို့ DBD ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ DBD ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ထတ်ဖုမ်းကျာရုပရတ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ကုမ္ပဏီပိုင်ရှင်မှာ ထိုင်းနိုင်ငံသားအမည် ဖြစ်ပေမဲ့ တကယ်တမ်းတော့ သူတို့ဟာ ငွေစာရင်းဝန်ထမ်း၊ ရိုးရိုးဝန်ထမ်းတွေသာ ဖြစ်ပြီး ရှယ်ယာရဲ့ ၅၁ ရာခိုင်နှုန်းကို မခံစားရဘူး၊ ကုမ္ပဏီလုပ်ငန်းတွေကို အဓိကစီမံခန့်ခွဲတာက တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်၊ တရုတ်ပြည်ကနေ တိုက်ရိုက်ကြိုးကိုင် စီမံနေတယ် ဆိုတာကို LINE APP ထဲ ပြောဆိုညွှန်ကြားတဲ့ အချက်အလက်တွေအရ သိရတယ်၊ ဒါ့အပြင် စာချုပ်စာတမ်းတွေ၊ အခွန်ပြေစာတွေမှာလည်း ကွဲလွဲမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က ဒေသထွက် အုန်းသီးတွေမှာ ဈေးနှုန်းလွန်စွာနိမ့်ကျခဲ့တယ်။ ခြံရှင်တွေဆီက အုန်းသီးတလုံးကို ၂ ဘတ်ခွဲနဲ့သာ ဝယ်ယူပြီး ပြည်ပ (တရုတ်) ကို တလုံးလျှင် ၃၅ ဘတ်မှ ၅၀ ဘတ်ထိ တင်ပို့တာ တွေ့ရတယ်။
အမြတ်အစွန်းနဲ့ အခွန်တွေဟာ ထိုင်းနိုင်ငံအတွက်မဟုတ်ဘဲ ပြည်ပလုပ်ငန်းရှင်တွေဆီ ရောက်ကုန်တယ်။ ဒါ့အပြင် ထိုင်းမြေကွက်တွေကို နှစ်ရှည် ငှားရမ်းပြီး အုန်းပင်တွေ ကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်တာတွေဟာလည်း ဥပဒေနဲ့ မညီညွတ်ဘူးလို့ ရဲမှူးချုပ်က ပြောသွားပါတယ်။
ထိုင်းနိုင်ငံမှာ နော်မီနီ လို့ခေါ်တဲ့ ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေကို တားဆီးနှိမ်နင်းဖို့ မတ် ၉ ရက်က ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (DBD)က ထိပ်တန်းဥပဒေအကျိုးဆောင်ကုမ္ပဏီ ၁၇ ခုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီပေါင်း ၇၈၂,၅၄၂ ခုရှိပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဟာ ရှယ်ယာရဲ့ ၀ ဒသမ ၀၁ ကနေ ၄၉ ဒသမ ၇၇ ရာနှုန်းထိ ပိုင်ဆိုင်ထားတယ်၊ အဲဒီထဲက ကုမ္ပဏီပေါင်း ၁၁၈,၀၁၆ ဟာ ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီတွေ ဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ထိုင်းအမည်ခံ ကုမ္ပဏီတွေ ဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဖွန်းဖုန်း နယနားဖားကွဏ်းက ပြောပါတယ်။
ဒါကြောင့် ဥပဒေချိုးဖောက်ပြီး ထိုင်းနိုင်ငံသားတွေကို အမည်ခံအဖြစ် အသုံးပြုတာတွေ မရှိစေဖို့ ပိုမိုတင်းကျပ်စွာ စစ်ဆေးဆောင်ရွက်သွားမယ်၊ ဒါ့အပြင် စွန့်ဦးတီထွင် ထိုင်းလုပ်ငန်းရှင်တွေအတွက် တရားမျှသော ယှဉ်ပြိုင်မှုရှိဖို့၊ စည်းမျဉ်းဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး အဆိုပါစည်းမျဉ်းသစ်ကို ၂၀၂၆ ခုနှစ် မတ်လလယ်မှာ ထုတ်ပြန်သွားမယ်၊ ဧပြီ ၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး ဝင်ရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဘီအီး- ၁၉၉၉ ခုနှစ် နိုင်ငံခြားစီးပွားရေးလုပ်ငန်းဆိုင်ရာ အက်ဥပဒေအရ ထောင်ဒဏ် ၃ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သိန်းမှ ၁၀ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်၊ တရားရုံးရဲ့အမိန့်ကို မလိုက်နာက တနေ့လျှင် ဘတ် ၁၀,၀၀၀ မှ ၅၀,၀၀၀ ထိ ဒဏ်ငွေ ချမှတ်ခံရမယ်လို့ DBD ညွှန်ကြားရေးမှူးချုပ် နိုင်းဖွန်းဖုန်းက ပြောသွားပါတယ်။
Source: CH7 HD News / DBD.go.th


