Home
နိုင်ငံတကာ
ထိုင်း၌ ကမ္ဘောဒီးယား အလုပ်သမားသစ်များအား လက်မခံတော့ဟုဆို
DVB
·
March 12, 2026
Photo :Reuters

ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယား အလုပ်သမားသစ်တွေကို နိုင်ငံတွင်း ဝင်ရောက် ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Khaosod English သတင်းမှာ မတ် ၁၁ ရက်က ဖော်ပြပါတယ်။

ထိုင်းမှာ လုပ်သားရှားပါးမှုအပေါ် ပုဂ္ဂလိကကဏ္ဍဘက်က စိုးရိမ်မှုတွေ မြင့်တက်နေပေမဲ့ အစိုးရရဲ့ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုတဲ့အနေနဲ့ ခုလိုပြောကြားလိုက်တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး တြီနွတ်ချ်သီယန်ထောင်က အစိုးရရဲ့ မူဝါဒမှာ ကမ္ဘောဒီးယား အလုပ်သမားသစ်တွေ ထပ်မံလက်ခံဖို့ မဟုတ်ဘဲ နိုင်ငံအတွင်း ရောက်ရှိနေပြီး အလုပ်လုပ်ကိုင် ခွင့်လက်မှတ် သက်တမ်းရှိသေးသူတွေကိုသာ စီမံခန့်ခွဲသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။

မတ် ၉ ရက်က ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ ဘဏ်လုပ်ငန်းရှင်များအသင်းတို့ပါဝင်တဲ့ ကုန်သွယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲ အမြဲတမ်းကော်မတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက်မှာ သူက ခုလို မှတ်ချက်ပြုခဲ့တာပါ။

ပုဂ္ဂလိကကဏ္ဍဘက်ကတော့ အထူးသဖြင့် စက်မှုလက်မှု၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ တွေမှာ ဖြစ်ပေါ်နေတဲ့ လုပ်သားရှားပါးမှု ပြသနာတွေကို အရေးတကြီး ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးရဲ့ အဆိုအရ လက်ရှိ ထိုင်းနိုင်ငံထဲက ကမ္ဘောဒီးယားအလုပ်သမား တွေဟာ စနစ်တကျ မှတ်ပုံတင်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး အလုပ်ရှင်တွေဘက်ကလည်း သူတို့ရဲ့ အလုပ်အကိုင်အခြေအနေကို အတည်ပြုပေးဖို့ တာဝန်ယူရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း သူက ပယ်ချခဲ့ပြီး နယ်စပ်ပြန်ဖွင့်ဖို့ ဒါမှမဟုတ် လူသစ်တွေ ဝင်ရောက်ခွင့်ပြုဖို့ အစိုးရမှာ မူဝါဒ မရှိကြောင်းလည်း ပြောလိုက်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဘယ်လို အစီအမံ မဆို အမျိုးသားလုံခြုံရေးကို မထိခိုက်စေရဘဲ လုံခြုံရေးအေဂျင်စီတွေနဲ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ခွင့်ပြုထားပြီး အခုနှစ် မတ် ၃၁ ရက် မှာ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကိုတော့ နိုင်ငံအတွင်း ၆ လ ဆက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ လုပ်ငန်းရှင်တွေက တောင်းဆိုထားပါတယ်။

ထိုင်းအလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာနရဲ့ အဆိုအရ အဲဒီအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အောက်မှာ ကမ္ဘောဒီးယား အလုပ်သမား ၅၃,၈၀၉  ယောက် လောက် ရှိနေတ​ယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) စနစ်အောက်က တခြားသော ကမ္ဘောဒီးယားအလုပ်သမား ၈၅,၁၁၇ ယောက်ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ အခုနှစ်ကုန် ဒီဇင်ဘာလအတွင်းမှာ သူတို့ရဲ့ ၄ နှစ်သက်တမ်း ပြည့်မြောက်မယ်လို့ ခန့်မှန်းရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

အရှေ့ဘက်ခရိုင်တွေထဲမှာတော့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့ ကမ္ဘောဒီးယား ရာသီပေါ်သီးနှံ လုပ်သား ၆,၀၇၂ ယောက်လောက်အတွက် ၃ လကြာ ယာယီသက်တမ်းတိုးပေးဖို့ အာဏာပိုင်တွေက စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ထိုင်းတာဝန်ရှိသူတွေကတော့ တင်းကျပ်တဲ့ ကြီးကြပ်ကွပ်ကဲမှု အစီအမံတွေရဲ့ အစိတ်အပိုင်းအဖြစ် လုံခြုံရေးအေဂျင်စီတွေဟာ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ နောက်ခံရာဇဝင်ကို စိစစ်နေပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆရတဲ့ ဘယ်အလုပ်သမားကိုမဆို ပြည်နှင်ဒဏ် ပေးသွားမယ်လို့ ဆိုပါတယ်။

Source: Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013