
ရခိုင်ပြည်နယ်အတွင်း စစ်တပ်ထိန်းချုပ်ထားဆဲ မြို့နယ်တွေမှာ စစ်ရေး အခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားတွေ စိုးရိမ်မှုတွေနဲ့ ဖြေဆိုနေရတယ်လို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၁,၆၉၂ ယောက် ရှိတယ်လို့ စစ်ကောင်စီက မတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မြို့နယ် ၃ ခုမှာ စာစစ်ဌာန ၁၀ ခုနဲ့ ကျင်းပနေတာဖြစ်ပြီး စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသား ကျောင်းသူ ၁,၇၉၉ ယောက် စာရင်းပေးထားပေမဲ့လည်း စာမေးပွဲဖြေဆိုမဲ့ ပထမရက်မှာတော့ ကျောင်းသား ၇၉၁ ယောက်နဲ့ ကျောင်းသူ ၉၀၁ ယောက် ဖြေဆိုခဲ့ပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ ၁၀၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေရတဲ့ မြို့နယ် ၃ ခုမှာ မာန်အောင်မြို့နယ်က လွဲပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာနေတာပါ။
စစ်တွေမြို့နယ်မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲက တမိုင်ကျော်အကွာကို ရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေသလို မြို့တွင်းမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စစ်ဆေးနေတဲ့ အချိန်မှာတော့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ငြိမ်သက်နေပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပတ်တာကာလအတွင်းမှာ စစ်ရေးပြင်းထန်ခဲ့တဲ့ အတွက် စာမေးပွဲဖြေဆိုကြမဲ့ ကျောင်းသားတွေမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတယောက်က “ကလေးတွေ စာမေးပွဲဖြေဆိုနေတဲ့ တရက်ကတော့ လက်နက်ကြီးပစ်သံတွေ ကြားလိုက်ရသေးတယ်။ အဲဒီတရက်ကြားပြီးတော့ ခုထိတော့ ဘာမှ မကြားရသေးပါဘူး။ မိဘတွေက ဒီလောက်ထိ သင်ပေးလာတာ ကုန်ကျစရိတ်တွေလည်း များတယ်လေ၊ ဒါကြောင့် ကလေးတွေက လက်နက်ကြီးပစ်ရင်တောင် ဒီစာမေးပွဲကို ရအောင်ဖြေမယ်ဆိုပြီး ကြိုးစားပမ်းစားကို ဖြေဆိုနေတာပါ။ ကလေးတွေ စိုးရိမ်တာက စာမေးပွဲဖြေနေတုန်း တခုခုဖြစ်သွားမှာကို စိုးရိမ်ကြတယ်။ ကြောက်တဝက် လန့်တဝက်နဲ့ ဖြေနေရတာပေါ့။ ကလေးတွေကတော့ ဒီစာမေးပွဲကိုတော့ ဒီနှစ်နဲ့ပဲ ပြီးဆုံးသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေတာပါ။ စာမေးပွဲပြီးသွားရင်တော့ ရှေ့ကို ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ မသိတော့ပါဘူး” လို့ ပြောပါတယ်။
ဒီ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲ မစခင်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား ကျောင်းသူ ဦးရေ သောင်းနဲ့ချီပြီး ဖြေဆိုခဲ့ကြပေမဲ့ လက်ရှိမှာတော့ တိုက်ပွဲတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းသား ကျောင်းသူ ၁,၆၀၀ ကျော်လောက်ပဲ ဝင်ရောက် ဖြေဆိုနေတာပါ။
လက်ရှိမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသားဦးရေ နည်းပါးနေတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းပြောင်းသွားသူ များတဲ့အတွက်ပါလို့ ဆရာမတယောက်က ပြောပါတယ်။
“ကလေးတွေ စာမေးပွဲဖြေရတာတော့ အဆင်ပြေပါတယ်။ အေးအေးချမ်းချမ်းလေးပဲ ဖြေဆိုနေကြတာပါ။ ကျောင်းတက်တဲ့ ရာခိုင်နှုန်းက နည်းသွားတာရယ်၊ နောက်တချက်က ကလေးတွေက ရန်ကုန်ဘက် ပြောင်းသွားတယ်လေ၊ ဘာလို့ဆိုတော့ ဒီမှာကျ နိုင်ငံရေး မငြိမ်သက်မှုတွေက ကြားနေရတဲ့အခါကျတော့ ကလေးတွေက စိုးရိမ်မှုတွေ ရှိတယ်လေ။ အဲဒီအတွက် ကလေးတွေက ရန်ကုန် ပြောင်းသွားတယ်။ အဲဒါကြောင့် ဖြေဆိုသူ နည်းသွားတယ်လေ။ ကျောင်းတက်တဲ့ဦးရေ နည်းသွားတဲ့အခါ ဖြေဆိုတဲ့ ကျောင်းသားတွေကလည်း နည်းသွားတယ်လေ၊ အဲဒါကြောင့်ပါ။”
ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း ရခိုင်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ် ၃ ခုမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသူ ၁,၅၆၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ မဖြစ်သေးတဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ကျောင်းသား ၁၇,၀၀၀ နီးပါးအထိ ရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
ကေခိုင်


