
ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ စက်သုံးဆီဈေးနှုန်းဟာ အရင်ကထက် ၂ ဆနီးပါး မြင့်တက် လာတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အီရန်စစ်ပွဲကြောင့် ရခိုင်ပြည်နယ်မှာလည်း စက်သုံးဆီဈေးနှုန်း တက်လာတာဖြစ်ပြီး စီးပွားရေးသမားတွေလည်း ဈေးကွက်ခြယ်လှယ်နေတာကြောင့် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက် သွားတာလို့ ကျောက်တော်မြို့နယ် စက်သုံးဆီရောင်းချသူ အမျိုးသားတယောက်က ပြောပါတယ်။
“ဆီဈေးက အရင်ကထက် ၂ ဆနီးပါးမြင့်တက်သွားတယ်။ အရင်က အိန္ဒိယကလာတဲ့ 87 စက်သုံးဆီ တပေပါကို ကျပ် ၁၂ သိန်း၊ 92 တပေပါကို ၁၄ သိန်း ဝယ်ယူရတာကနေ အခု 87 တပေပါ ကျပ်သိန်း ၂၀ နဲ့ 92 တပေပါကို ၂၅ သိန်းဝန်းကျင် အထိမြင့်တက်သွားတာ။ ဆီပြတ်လပ်လို့ မဟုတ်ဘူး။ အီရန်- အမေရိကန် စစ်ဖြစ်တော့ အိန္ဒိယနယ်စပ်ကချလာတဲ့ စက်သုံးဆီတွေကို စီးပွားရေးသမားတွေ သိုလှောင်ပြီးတော့ ဈေးကစားလာကြတာ။ ရခိုင်ပြည်မှာက ဆီမပြတ်သေးဘူး”
ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ အီရန်ပဋိပက္ခမဖြစ်ပွားခင် 92 တလီတာကို ၇၅၀၀ ကျပ်ကနေ အခု ၁၃၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး 87 တလီတာကို အရင် ၆၀၀၀ ကျပ် ကနေ အခု ၁၀၀၀၀ ကျပ်အထိ မြင့်တက်သွားတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွက် အိန္ဒိယက တင်သွင်းလာတဲ့ စက်သုံးဆီတွေကို စီးပွားရေးသမားတွေက ရှင်းလက်ဝကျေးရွာ နယ်စပ်ဂိတ်ကတည်းက အလုံးအရင်းနဲ့ ဝယ်ယူထားပြီး ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တို့မှာ ဈေးမြှင့်တင်ပြီး ရောင်းချလာကြတာလည်းဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာလည်း စက်သုံးဆီတပေပါကို မြန်မာကျပ်ငွေ ၁၂ သိန်းဝန်းကျင်းသာ ပေါက်ဈေးရှိနေပေမဲ့ စီးပွားရေးသမားတွေက ကျောက်တော် မြို့မှာ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ မြှင့်တင်ပြီး ရောင်းချနေပါတယ်။
နယ်စပ်ဈေးနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စက်သုံးဆီဈေးနှုန်း ၂ ဆနီးပါး ကွာခြား နေတာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စနစ်တကျ ကြပ်မတ်သင့်တယ်လို့ မြောက်ဦး ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ သိရသလောက် အိန္ဒိယဘက်က ဆီတွေဝယ်ယူလို့ ရနေသေးတယ်။ နယ်စပ်မှာ ဆီဈေးကွက်လည်း အရမ်းကြီးမြင့်တက်တာမျိုးမဟုတ်သေးဘူး။ ရခိုင်ဘက်ရောက်မှ ဆီကုန်သည် တွေက အီရန်ပြဿနာကို အသုံးချပြီး ဈေးကစားနေကြတာ။ ဒီလို တော်လှန်ရေးကာလ အဘက်ဘက်က ကျပ်တည်းနေကြတဲ့ ကာလမှာ အခြေခံလူတန်းစားတွေ ငဲ့ပြီးတော့ အစိုးရအနေနဲ့ စနစ်တကျ ကြပ်မတ်ဖို့ လိုအပ်တယ်။ နယ်စပ်မှာ ဆီပေါက်ဈေးဘယ်လောက်ရှိတယ်ဆိုတာ အစိုးရ သိပြီသားပဲ” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စက်သုံးဆီရရှိနိုင်ဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အဓိက အားထားနေကြရတာဖြစ်ပြီး ပြည်မဘက်က တင်းသွင်းမှု အနည်းငယ်ရှိပေမဲ့ NUG က ကန့်သတ်မှုတချို့ ပြုလုပ်လိုက်တာကြောင့် အချိန်ကြန့်ကြာမှုတွေ ရှိလာတယ်လို့ ဆီကုန်သည်တွေဆီ က သိရပါတယ်။
ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း စက်သုံးဆီ တလီတာကို ကျပ်ငွေ ၄၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး စက်သုံးဆီတွေ အလွယ်တကူ ဝယ်ယူလို့ မရရှိကြဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။


