Home
မြန်မာသတင်း
ဆီကန့်သတ်ရောင်းချမှုနှင့် စက်သုံးဆီအကျပ်အတည်းအပေါ် ထိုင်းရောက်မြန်မာများ စိုးရိမ်
DVB
·
March 13, 2026
Photo: DVB

ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာလည်း စက်သုံးဆီ မလုံလောက်မှု၊ ပြတ်လပ်မှုတွေ ရှိနေပြီး ကန့်သတ်ရောင်းချမှုတွေ ရှိနေတာကြောင့် ထိုင်းရောက် မြန်မာတွေ စိုးရိမ် နေကြပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် အာရှနိုင်ငံတော်တော်များများမှာ စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ မလုံလောက်တဲ့အတွက် ကန့်သတ်မှုတွေ ပြုလုပ်နေကြပြီး ထိုင်းနိုင်ငံမှာလည်း ဆီရောင်းချပေးမှု ကန့်သတ်ချက်တွေကြောင့် ထိုင်းရောက်မြန်မာတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက မဲဆောက်အပါအဝင် မြို့နယ် ၅ ခုမှာ ဓာတ်ဆီ ခြိုးခြံ ချွေတာ နေရပြီး မတ် ၁၀ ရက်ကစလို့ မြန်မာဘက်ခြမ်းကလာတဲ့ ကားတွေကို ဆီရောင်းချခြင်းမပြုဖို့ ထိုင်းအစိုးရက စည်းကမ်းထုတ်ထားတာ ရှိပါတယ်။

မဲဆောက်မြို့ထဲက မြန်မာတွေကလည်း စက်သုံးဆီပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရပါတယ်။

မဲဆောက်မြို့မှ မြန်မာနိုင်ငံသားတယောက်က “လတ်တလော မဲဆောက်မှာ စက်သုံးဆီဖြည့်ရတဲ့ အခြေအနေက မနေ့ကတော့ PT တို့က သွားဖြည့်တာ လုံးလုံးပြတ်တယ်။  91 တမျိုးပဲရတယ်။ ဒီမှာက 91၊ 95၊ ဒီဇယ်ရိုးရိုးနဲ့ ဒီဇယ်ပရီမီယမ် ရှိတာပေါ့။ အဲဒါ PT အပြာတို့ အစိမ်းတို့ ဆိုင်တွေမှာ ဆိုရင် လုံးလုံးကို မရတော့ဘူး။ 91 ပဲရတော့တာ၊ နောက် Bangchak ဆိုင်ဆို EE ဆိုတဲ့ ဆီတမျိုး ရှိသေးတယ်၊ ဓာတ်ဆီ type ထဲက၊ အဲဒီတမျိုးပဲရတယ်။ တချို့ Bangchak တို့ကျ ရတယ်၊ အကန့်အသတ်နဲ့ပေါ့ ၁,၀၀၀ ဖိုးပဲ။ 91 ပဲရနေရာက တချက်ပြန်ရတယ်။ 95 က တနေကုန်ကြီး ရမနေဘူး၊ သွားတော့ သွားသွားကြည့်နေရတာပေါ့၊ ပတ်ကြည့်နေရတယ်၊ မြို့ပြင်တွေထိ လျှောက်ပတ်သွားပြီး အဲဒီက ဆီဆိုင်တွေထိ လိုက်ဖြည့်ရတာပေါ့” လို့ ပြောပါတယ်။

ထိုင်းကားတွေဆိုရင်လည်း တစီးကို ဘတ် ၁,၀၀၀ ဖိုးထက် ပိုမရောင်းရတာ၊ ဂါလန်နဲ့ သယ်ယူခွင့် မပြုဘဲ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သုံးဖို့အတွက်ဆို အချက်အလက်၊ ပမာဏ တွေနဲ့အတူ မှတ်ပုံတင်ရမှာဖြစ်ကြောင်းနဲ့ စည်းကမ်းသတ်မှတ်ချက် မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအတွက်ကြောင့်ပဲ ဆီအရောင်းဆိုင်တွေက သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတယောက်က “ဆီဆိုင်တွေက ပုံမှန် သူတို့ ရောင်းနိုင်သလောက် တော့ ရောင်းပေးပါတယ်။ ဆီဈေးတော့ နည်းနည်းတက်သွားတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက် လောက်ထိ ဘယ်လောက်ဆိုးဝါးလဲဆို ဆီပေပါကြီးတွေပါ ကားပေါ်တင်ပြီး လာထည့်ကြတာ ရှိတယ်။ အဲဒီလိုမျိုးဆို ဆိုင်က မထည့်ပေးဘူးပေါ့။ အစတုန်းကတော့ ပူတာပေါ့၊ ဘယ်တုန်းကမှ ဆီဆိုင်မှာ တန်းမစီရဘူးတာ။ အခုက ဆီတန်းဆီရတယ်။ ၅ မိနစ် ၁၀ မိနစ်လောက် ကြာတယ်။ မြန်မာကားနံပါတ်ဆို ၁,၀၀၀ ဖိုး ဂိတ်ဆုံးပဲ ထည့်ပေးတာ။ နည်းနည်းတော့ ခက်ခဲတယ်၊ ဒါပေမဲ့ မြန်မာပြည်ကလောက်ကြီးတော့ အခြေအနေမဆိုးပါဘူး” လို့ ပြောပါတယ်။

ချင်းမိုင်မြို့က တချို့ဆီဆိုင်တွေကတော့ ထိုင်းနိုင်ငံသားမဟုတ်တဲ့ သူတွေအတွက် ဆိုင်ကယ်တစီးကို ဘတ် ၅၀ ဖိုးပဲ ဖြည့်ပေးပြီး အိမ်စီးကားအတွက်လည်း အပြည့်မဖြည့်ပေးဘဲ ကန့်သတ် ရောင်းချ နေကြောင်း သိရပါတယ်။

မတ် ၁၂ ရက်ကစလို့ စက်သုံးဆီဈေး အနည်းငယ် စတင်တက်လာပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသားတယောက်က “အခု ဆီထည့်ရတာက တဆိုင်နဲ့ တဆိုင် ဈေးတွေ ကတော့ မတူဘူးပေါ့။ အနည်းအကျဉ်းလောက် ကွာတာတွေ့တယ်။ မြို့ပြင်က ဆီဆိုင်တွေဆို ဈေးနည်းနည်း ပိုတက်တယ်။ ထိုင်းကတော့ သူတို့မှာလည်း စနစ်တကျ အစီအမံတွေ လုပ်နေတာ ဆိုတော့ ဆီပြတ်လပ်တာမျိုးထိတော့ မြန်မာပြည်လောက် အခြေအနေ မဆိုးလောက်ဘူးထင်တယ်။ ဆီဈေး အဆမတန်တက်တာမျိုး၊ ထက်ဝက်လောက်ထိ တက်တာမျိုး လောက်တော့ ဖြစ်သွား နိုင်တယ်” လို့ ပြောပါတယ်။

ဘန်ကောက်မြို့မှာတော့ အစိုးရက အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားတာကြောင့် လမ်းမ တွေ ရှင်းလင်းနေပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း တန်းစီကာ တိုးဝယ်နေရတာမျိုး မရှိဘူး လို့ ဘန်ကောက်မှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။

စက်သုံးဆီချွေတာသုံးစွဲတဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေဟာ Work From Home အလုပ်လုပ်ကြဖို့၊ အဲယားကွန်းအပူချိန်ကို ၂၆ - ၂၇ ဒီဂရီစင်တီဂရိတ်သာ ချိန်ညှိထားဖို့၊ အပူဒဏ်ခံဖို့ တရားဝင်အခမ်းအနားတွေကလွဲလို့ ကုတ်အင်္ကျီဝတ်တာ ရှောင်ကြဉ်ဖို့ တိုက်တွန်းကြောင်း  ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူက မတ် ၁၀ ရက် အစိုးရဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ ထုတ်ပြန် ပြောဆိုပါတယ်။

စက်သုံးဆီအခြေအနေ ပိုမိုကျပ်တည်းလာမယ် ဆိုရင်တော့ လမ်းမတွေက ဆိုင်းဘုတ်မီးတွေ ည ၁၀ နာရီနောက်ပိုင်း ပိတ်ထားဖို့၊ ဓာတ်ဆီဆိုင်တွေလည်း ည ၁၀ နာရီထိသာ ရောင်းချဖို့ ညွှန်ကြားမယ်လို့ ဆိုပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013