
ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ အရပ်သား ၂ ယောက်ကို ရဲတပ်ဖွဲ့က စက်သုံးဆီ မှောင်ခိုရောင်းချမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၂ ရက် ညနေပိုင်းက စက်သုံးဆီ မှောင်ခိုရောင်းတာကြောင့်ဆိုပြီး လေးမျက်နှာမြို့နယ်၊ ကညင်ကုန်းနဲ့ ချင်းကုန်းကျေးရွာက အရပ်သား ၂ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်နဲ့ လူတချို့က ဖမ်းဆီးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“ရေသန့်ဘူးအခွံနဲ့ စက်သုံးဆီ ထည့်ရောင်းတဲ့ လမ်းဘေးဆိုင် ၂ ဆိုင်က အရပ်သား ၂ ယောက် အဖမ်းခံရတာ။ မှောင်ခိုရောင်းတယ်ဆိုပြီး ဖမ်းတာပဲ။ ဘာတွေလဲ မသိတော့ပါဘူး။”
အဖမ်းခံရတဲ့ အရပ်သား ၂ ယောက်ဟာ ကိုရဲစိုးနဲ့ ကိုမိုးဝင်းတို့ဖြစ်ပြီး သူ့ရဲ့ဆိုင်က စက်သုံးဆီ တချို့ ကိုပါ စစ်ကောင်စီလက်အောက်ခံအဖွဲ့က သိမ်းဆည်းသွားပါတယ်။
ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အရပ်သား ၂ ယောက်ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မတ် ၁၃ ရက် အထိ မသိရသေးတာကြောင့် မိသားစုက စိတ်ပူနေပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ကြံခင်းမြို့ပေါ်က အသက် ၆၀ ကျော်အရွယ် အရပ်သားအမျိုးသားတယောက်ကို တရားမဝင်စက်သုံးဆီ သိုလှောင်ရောင်းချတယ်ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။


