
အိန္ဒိယနိုင်ငံမြောက်ပိုင်း နွိုက်ဒါမြို့မှာ အိမ်သုံးဂက်စ် (LPG) ပြတ်လပ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒေသခံတွေဟာ ဂက်စ်အရောင်းဆိုင်တွေရှေ့မှာ မတ် ၁၂ ရက် မနက်အစောပိုင်းကတည်းက တန်းစီစောင့်ဆိုင်းနေကြပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်တွေကြောင့် လောင်စာဆီ၊ အိမ်သုံးဂက်စ် LPG နဲ့ လုပ်ငန်းသုံး (LNG) ဂက်စ်တင်သွင်းမှုတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအများဆုံး အိမ်သုံးဂက်စ် (LPG) တင်သွင်းသူလည်းဖြစ်ပြီး သူတို့အသုံးပြုနေတဲ့ လောင်စာဆီရဲ့ ၄၀ ရာခိုင်နှုန်းကို ဟော်မုဇ် ရေလက်ကြားကတဆင့် တင်သွင်းနေရတာပါ။
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ပြည်သူတွေကို ဓာတ်ငွေ့ထောက်ပံ့မှုနဲ့ ပတ်သက်လို့ မစိုးရိမ်ကြဖို့နဲ့ စွမ်းအင်ကို ချွေတာသုံးစွဲကြဖို့ မတ် ၁၁ ရက်က တိုက်တွန်းထားပါတယ်။
အစိုးရဟာ ရေနံချက်စက်ရုံတွေကိုလည်း အိမ်သုံးဂက်စ် LPG ထုတ်လုပ်မှု အများဆုံးဖြစ်အောင် လုပ်ဆောင်ဖို့နဲ့ စက်မှုလုပ်ငန်းတွေကို ရောင်းချမှုကို လျှော့ချဖို့ အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters


